အခြေခံပညာကျောင်းများ စာသင်ချိန်တိုးမြှင့်မှုအတွက် မန္တလေးတွင် ဆန္ဒပြ

အခြေခံပညာကျောင်းများ စာသင်ချိန်တိုးမြှင့်မှုအတွက် မန္တလေးတွင် ဆန္ဒပြ
(ဓာတ်ပုံ - အောင်ကိုဉီး/မဇ္ဈိမ)

မန္တလေး၊ ဇန်နဝါရီ ၂၀၊၂၀၂၀ ။         ။ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများတွင် စာသင်ချိန် တစ်လ တိုးမြှင့်လိုက်သည့် အပေါ် ကျေနပ်မှု မရှိသော မန္တလေး ပညာရေး ကောလိပ်နှင့် မုံရွာ ပညာရေးကောလိပ်မှ ကျောင်သူ ကျောင်းသား တစ်ရာ နီးပါးသည် ဇန်နဝါရီ ၂၀ ရက် နံနက် က မန္တလေးမြို့တွင် ဆန္ဒပြခဲ့ကြသည်။

"ပညာရေး ပြုပြင်ပြောင်းလဲတဲ့ အချိန်မှာ ဒီမိုကရေစီနည်းလမ်းကျကျ ပြောင်းလဲဖို့အတွက်လည်း ကျွန်တော်တို့ ဆရာ ဆရာမတွေ အနေနဲ့ရော ကလေးတွေအနေနဲ့ဘက်ကရော တောင်းဆိုခြင်းဖြစ်ပါတယ်"ဟု မန္တလေး ပညာရေးကောလိပ်မှ ဆန္ဒပြပွဲ ဦးဆောင်သူ ကိုအောင်ဖြိုးဝေကပြောသည်။

စာသင်ချိန် တစ်လတိုးမြှင့်လိုက်သည့် အတွက် ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများနှင့် မိဘများပါ အခက်အခဲများ ကြုံတွေ့ရမည် ဖြစ်ကာ ယခုကဲ့သို့ ပညာရေးဝန်ကြီး ဌာနအနေဖြင့် လုပ်ဆောင် လိုက်ခြင်းသည် အာဏာရှင် ဆန်သည်ဟုလည်း ၎င်းကဆိုသည်။

ဆန္ဒပြ ကျောင်းသူ ကျောင်းသားများသည် အခြေခံပညာစာသင်ကာလ တိုးမြင့်ခြင်းအား ဖျက်သိမ်းပေးရေး၊ ဒီမိုကရေစီ စနစ်နှင့်အညီ ကောင်းမွန်သော စီမံခန့်ခွဲမှု ဖြစ်ပေါ်လာရေး၊ သုသေတနကို အခြေမခံသော ပညာရေးစနစ် အလိုမရှိ၊ အာဏာရှင်ဆန်သော ပညာရေး ပြောင်းလဲမှု အလိုမရှိ စသည့်တို့ကို ကြွေးကြော်ကာ ၃၅လမ်း ၆၆လမ်းမှ မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းအထိ ချီတက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly