ဘေရွတ်လေဆိပ်တွင် မူးယစ်ဆေးဝါးနှစ်တန် ဖမ်းဆီးရမိမှုဖြင့် ဆော်ဒီမင်းသားထိန်းသိမ်းခံရ

ဘေရွတ်လေဆိပ်တွင် မူးယစ်ဆေးဝါးနှစ်တန် ဖမ်းဆီးရမိမှုဖြင့် ဆော်ဒီမင်းသားထိန်းသိမ်းခံရ

ဘေရွတ်၊ အောက်တိုဘာ ၂၇ ။                 ။ ဘေရွတ်လေဆိပ်သမိုင်းတွင် ပမာဏအကြီးဆုံးဖြစ်သည့် မူးယစ်ဆေးဝါးဖမ်းဆီးမှုတွင် ဆော်ဒီမင်းသားတစ်ဦးနှင့် အခြားသူလေးဦးကို အောက်တိုဘာ ၂၆က လက်ဘနွန်တွင် ထိန်းသိမ်းထားသည်ဟု လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ပြောသည်။

ဆော်ဒီမင်းသား အက်ဘ်ဒဲလ်မိုဆင်ဘင်ဝါလစ်ဘင်အက်ဘ်ဒူလာဇစ်နှင့် အခြားသူလေးဦးကို ကက်ပ်တာဂွန်ဆေးပြား(အမ်ဖက်တမင်းနှင့် ကက်ဖိန်းပါဝင်သည်)နှင့် ကုတ်ကင်း နှစ်တန်ခန့် ခိုးထုတ်ရန်ကြိုးပမ်းမှုဖြင့် လေဆိပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းထားကြောင်း လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

လေဆိပ်တွင် ဖမ်းမိသမျှအကြီးဆုံးဖြစ်သည်ဟုလည်း အမည်မဖော်လိုသည့် ၎င်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်။

ကက်ပ်တာဂွန်သည် အမ်ဖက်တမင်းဖီနက်သိုင်လင်း၏ အမှတ်တံဆိပ်အမည်ဖြစ်သည်။ တားမြစ်ထားသော ၎င်းဆေးကို အဓိကအားဖြင့် အရှေ့အလယ်ပိုင်းတွင် စားသုံးနေပြီး ဆီးရီးယားရှိ တိုက်ခိုက်ရေးသမားများက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိသည်။

စိတ်ကြွဆေးများကို လက်ဆွဲသေတ္တာများဖြင့်ထည့်ထားပြီး ဆော်ဒီသို့ သွားမည့်ကိုယ်ပိုင်လေယာဉ်တစ်စင်းပေါ်တင်ရန် စောင့်ဆိုင်းနေစဉ် ဖမ်းမိခဲ့သည်ဟု ၎င်းလုံခြုံရေးသတင်းရစ်မြစ်က ဆိုသည်။

ဆော်ဒီနိုင်ငံသားငါးဦးမှာ လေဆိပ်မှာပင်ရှိနေသေးပြီး ၎င်းတို့အား လက်ဘနွန်အကောက်ခွန်အာဏာပိုင်တို့က စစ်ဆေးမေးမြန်းမည်ဟုလည်း ၎င်းကပြောသည်။

မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း လက်ဘနွန်၏ နိုင်ငံပိုင်သတင်းဋ္ဌာနက အောက်တိုဘာ ၂၆က ထုတ်ပြန်ခဲ့ပြီး ရီးယာ့ဒ်သို့ သွားမည့် ကိုယ်ပိုင်လေယာဉ်ပေါ်သို့တင်မည့် ကက်ပ်တာဂွန်းဆေးပြားများအပြည့်ထည့်ထားသည့် ခရီးဆောင်သေတ္တာ ၄၀ကိုလည်းတွေ့ရသည်ဟု ဖော်ပြခဲ့သည်။ ဆော်ဒီအာရေဘီးယား၏ ကြီးမားသည့် တော်ဝင်မိသားစုသည် ယခင်ကလည်း နိုင်ငံအများအပြားက အာဏာပိုင်များနှင့် ပြသနာတက်ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly