အင်ဒိုနီးရှားတွင် တံတားပြိုကျမှု ဖြစ်ပွား၊ လူ ၇ ဦး သေဆုံးပြီး အခြား ၃ ဦး ပျောက်ဆုံးနေ

အင်ဒိုနီးရှားတွင် တံတားပြိုကျမှု ဖြစ်ပွား၊ လူ ၇ ဦး သေဆုံးပြီး အခြား ၃ ဦး ပျောက်ဆုံးနေ

ဇန်နဝါရီ ၂၀  ။                          ။ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းတွင် လူကူးတံတားတစင်း ပြိုကျမှု ဖြစ်ပွား၍ အနည်းဆုံး လူခုနစ်ဦး ရေနစ်သေဆုံးကာ အခြား သုံးဦး ပျောက်ဆုံးနေကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီက ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်သည်။

ကျောင်းသား အများစုအပါအဝင် လူ ၃၀ ခန့်သည် ဇန်နဝါရီ ၁၉ ရက် နေ့လည်ပိုင်းက Kaur မြို့ မြစ်တစင်းကို ဖြတ်ကူးတည်ဆောက်ထားသော တံတားပေါ် ဖြတ်ကူးခဲ့ကြစဉ် တံတားသည် ရုတ်တရက် ပြိုကျသွားခဲ့ခြင်း ဖြစ်သည်။

တံတားပြိုကျချိန် လူတချို့သည် အောက်တွင် ရှိနေသော ရေထဲ ကျသွားခဲ့ကာ တချို့သည်လည်း တံတားလက်ရန်းကို ကုတ်တွယ်ထားခဲ့ကြရသည်ဟု သိရသည်။

ယခုရက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းထားခြင်းကြောင့် တံတားအောက်ရှိ မြစ်ရေလယ်ဗယ်သည်လည်း ပုံမှန်ထက် မြင့်တက်နေခဲ့သည်ဟု သိရသည်။

“ ကြည့်ရတာတော့ တံတားက အလေးချိန် မနိုင်တော့လို့ ပြိုကျသွားတာဖြစ်ပါလိမ့်မယ်၊ အသေးစိတ်ကို စုံစမ်းစစ်ဆေးနေပါတယ်၊ ခုထိတော့ လူခုနစ်ယောက် သေတယ်၊ သုံးယောက်ကတော့ ပျောက်နေဆဲပါ” ဟု သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီ အကြီးအကဲ အူဂျန် စရာဖီရီက ပြောသည်။

ယင်းနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းထဲတွင် ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းစံနှုန်းများ လိုက်နာမှု အားနည်းခြင်းကြောင့် အဆောက်အအုံ၊ လမ်းတံတားများ၏ ဘေးကင်းလုံခြံုမှုပိုင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required