လူလုပ်ကျွန်း အနီး ချဉ်းကပ်လာသည့် USA စစ်သင်္ဘောနောက်သို့ အမြဲ စောင့်ကြည့်ခဲ့ဟု တရုတ်ပြော

လူလုပ်ကျွန်း အနီး ချဉ်းကပ်လာသည့် USA စစ်သင်္ဘောနောက်သို့ အမြဲ စောင့်ကြည့်ခဲ့ဟု တရုတ်ပြော

ဝါရှင်တန်၊ အောက်တိုဘာ-၂၆ ။              ။ အောက်တိုဘာ ၂၇ရက်နေ့တွင် အမေရိကန်ရေတပ်က ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောတစ်စင်းကို အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်နိုင်ငံ၏ လူလုပ်ကျွန်းများအနီးသို့ စေလွှတ်ခဲ့သောကြောင့် ပေကျင်းက ဒေါသတကြီးဖြင့် ပြစ်တင်ရှုတ်ချခဲ့ပြီး အမေရိကန်သင်္ဘောကို သတိပေးကာ နောက်မှ အရိပ်လိုလိုက်သွားခဲ့သည်ဟု ဆိုသည်။

အမေရိကန်ဖျက်သင်္ဘော USS Lassen ၏ ကင်းလှည့်မှုမှာ စပရတ်တလေကျွန်းစုအတွင်းရှိ တရုတ်က ၎င်းပိုင်ဟုပြောကြားထားသည့် ကျွန်းများပတ်လည် ၁၂မိုင်ဧရိယာအတွင်းသို့ အသိသာအထင်ရှားဆုံး စိန်ခေါ်မှုတစ်ခုပင်ဖြစ်ပြီး ကမ္ဘာ့အစည်ကားဆုံး ပင်လယ်လမ်းကြောင်းတွင် တင်းမာမှုများ ပိုမိုမြင့်တက်လာဖွယ်ရာရှိသည်။

ဆူဘီကျွန်းတန်း၏ ရေမိုင် ၁၂မိုင်ဧရိယာအတွင်းသို့ USS Lassen ဝင်ရောက်ခုတ်မောင်းသွားခဲ့သည်ဟု အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

နာရီအနည်းငယ်ကြာမြင့်ပြီး Mischief Reef လည်းပါဝင်သည့် မစ်ရှင်မှာ တရုတ်၏ ရေပိုင်နက်ပြောဆိုချက်ကို စမ်းသပ်ရန် ရည်ရွယ်သည့် ရေကြောင်းလွတ်လပ်ခွင် စစ်ရေးလေ့ကျင့်မှု တစ်သီတစ်တန်းကြီး၏  ပထမဆုံး စမ်းသပ်မှုဖြစ်လိမ့်မည်ဟုလည်း အခြားကာကွယ်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်အစိုးရ၏ ခွင့်ပြုချက်မရဘဲ လူလုပ်ကျွန်းတန်းများအနီးသို့ တရားမဝင် ဝင်ရောက်လာသည့် USS Lasen နောက်သို့ သက်ဆိုင်ရာ အာဏာပိုင်များက ထက်ချပ်မကွာလိုက်ပါကာ သတိပေးခဲ့ သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။  

 ‘ဘယ်လို ရည်ရွယ်ချက်ရှိရှိ ရန်စမှုမျိုးကိုမဆို တရုတ်က ပြတ်ပြတ်သားသား တုန့်ပြန်သွားမှာပါ။ ရေပိုင်နက် လေပိုင်နက်တွေကို အနီးကပ်စောင့်ကြည့်သွားပြီး လိုအပ်သလို အရေးယူဆောင်ရွက်သွားမှာပါ’’ဟု ဝန်ကြီးဌာနက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သော်လည်း အမေရိကန်သင်္ဘော မည်သည့်နေရာမှ ဖြတ်သန်းသွားခဲ့သည်ကိုမူ အတိအကျ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။  

အမေရိကန်အနေဖြင့် ဆင်ခြင်ဉာဏ်ရှိရှိဖြင့် အမှားကိုပြုပြင်ပြီး တရုတ်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိပါးရန်စသည့် လုပ်ရပ်များကို မကျူးလွန်ရန် တရုတ်က ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့သည်ဟုလည်း အဆိုပါကြေညာချက်တွင် ပြောကြားခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly