သာမန်လူ့ဘဝကို စတင်ပြီဖြစ်တဲ့ တော်ဝင်မင်းသားဟယ်ရီတို့ ဇနီးမောင်နှံ

သာမန်လူ့ဘဝကို စတင်ပြီဖြစ်တဲ့ တော်ဝင်မင်းသားဟယ်ရီတို့ ဇနီးမောင်နှံ

လန်ဒန်၊ ဇန်နဝါရီ ၂၀။     ။ ဗြိတိန်မင်းသားဟယ်ရီနှင့် ဇနီးမီဂန်တို့သည် တော်ဝင်မိသားစုဂုဏ်ပုဒ်များကို စွန့်လွှတ်ပြီး အစိုးရထံမှ ရပိုင်ခွင့်ငွေကြေးများကို လက်မခံတော့ကြောင်းကြေညာပြီးနောက်  ဇန်နဝါရီ ၁၉ ရက်ကစပြီး ယခုအခါ သာမန်ပြည်သူများကဲ့သို့ ဘဝသစ် စတင်ခဲ့သည်။

တော်ဝင်အဆင့်မြင့်နေရာမှ နောက်ဆုတ်လိုက်ရသည့်အတွက် များစွာစိတ်မကောင်းဖြစ်မိကြောင်း မင်းသားဟယ်ရီက ပြောဆိုခဲ့သည်။

“ဇနီးမီဂန်၊ သားလေး အာချီတို့နဲ့ အတူ အေးချမ်းတဲ့ဘဝကို တည်ဆောက်ဖို့  တော်ဝင်ဂုဏ်ပုဒ်တွေကို စွန့်လွှတ်ဖို့ကတစ်ပါး တခြားရွေးချယ်စရာ မရှိတော့လို့ပါ” ဟု မင်းသားဟယ်ရီ က ဝမ်းနည်းစကား ဆိုခဲ့သည်။

တော်ဝင်မိသားစု၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို စွန့်လွှတ်ပြီး နိုင်ငံရပ်ခြား ပြောင်းနေမှာဖြစ်သည့်အတွက် စိုးရိမ်ပူပန်မှုဖြစ်မိကြောင်း၊ သူ့ဘဝ ခမ်းနားထည်ဝါစွာနေနိုင်ရေး အထောက်အပံ့ပေးနေသော အများပြည်သူ၏ ဘဏ္ဍာငွေများကို စွန့်လွှတ်ရန် အမြဲအသင့်ဖြစ်နေခဲ့ကြောင်း၊ ဗြိတိန်တပ်မတော်နှင့်အတူ အာဖဂန်နစ္စတန်တွင် နှစ်နှစ် တာဝန်ထမ်းဆောင်ပြီးနောက် ချီးမြှင့်ခံခဲ့ရသည့် သူကောင်းပြုခံရမှုများ၊ စစ်ရာထူးများကို စွန့်လွှတ်ရခြင်း အတွက်လည်း နာကျင်ခံစားရကြောင်း ဝန်ခံပြောဆိုခဲ့သည်။

တော်ဝင်မိသားစုများအကြား ဆွေးနွေးပြီးနောက် ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်က မင်းသားဟယ်ရီ ဇနီးမောင်နှံတို့၏ ရှေ့ရေးအတွက် တော်ဝင်အဆင့်မြင့်ရာထူးကနေ နောက်ဆုတ်ရန် တရားဝင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly