လက်ဘနွန်တွင် နှစ်ရက်တာ ထိပ်တိုက်တွေ့မှုများ၌ လူပေါင်း ၄၅၀ နီးပါး ထိခိုက်ဒဏ်ရာရ

လက်ဘနွန်တွင် နှစ်ရက်တာ ထိပ်တိုက်တွေ့မှုများ၌ လူပေါင်း ၄၅၀ နီးပါး ထိခိုက်ဒဏ်ရာရ

ဇန်နဝါရီ ၂၀။             ။ လက်ဘနွန်နိုင်ငံ မြို့တော် ဘိုင်ရွတ်တွင် ဇန်နဝါရီ ၁၉ ရက်၌ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့များကြား ထိပ်တိုက်တွေ့မှုများ ထပ်မံပေါ်ပေါက်သဖြင့် လူပေါင်း ၇၀ ထိခိုက်ဒဏ်ရာရကြောင်း ကျန်းမာရေး သတင်းရင်းမြစ်က ပြောသည်။

ယင်းနေ့က ဖြစ်ပွားသော ဆူပူဆန္ဒပြမှုသည် နှစ်ရက်မြောက်နေ့အဖြစ် ဆူပူဆန္ဒပြခြင်းဖြစ်ရာ ယင်းနှစ်ရက်အတွင်း ထိခိုက်ဒဏ်ရာရသူဦးရေးသည် ၄၅၀ နီးပါးအထိ ရှိသွားပြီ ဖြစ်သည်။

နိုင်ငံရေး အုပ်ချုပ်သူများ၏ အသုံးမကျခြင်း၊ အကျင့်ဖျက်ခြစားခြင်းနှင့် စီးပွားရေး ချွတ်ခြုံကျခြင်းတို့အတွက် နုတ်ထွက်ကြရန် တောင်းဆိုဆန္ဒပြမှုများသည် အောက်တိုဘာ ၁၇ ရက်မှစတင်ပြီး နိုင်ငံအတွင်း မကြုံစဖူး ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်နေခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁၉ ရက် ညနေပိုင်း၌ မြို့တော်ဘိုင်ရွတ်တွင် မိုးထဲရေထဲ ဆန္ဒပြသူ ရာပေါင်းများစွာက လုံခြုံရေးအင်အား ဖြန့်ကြက်ထားသည့် လွှတ်တော်သို့ သွားရာလမ်းမှ အရံအတားများအနီး စုရုံးကြဆန္ဒပြကြခြင်းဖြစ်သည်။

ဒုတိယမြောက် ညအဖြစ် ယခု ဆန္ဒပြမှုတွင် ဆန္ဒပြသူ ဒါဇင်များစွာက ‘တော်လှန်ရေး’၊ ‘တော်လှန်ရေး’ဟု ကြွေးကြော်အော်ဟစ်လျက် အရံအတားနောက်မှ ရဲများကို ကျောက်တုံးကျောက်ခဲများဖြင့် စတင်ပစ်ပေါက်ကြသည်။

ထိုအတွက် အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များက ရေအမြောက်များဖြင့် ဆန္ဒပြသူများကို ဖြိုခွင်းသကဲ့သို့ ရော်ဘာကျည်များ၊ မျက်ရည်ယိုဓာတ်ငွေ့များဖြင့် နှိမ်နင်းသည်။

အဆိုပါ ဇန်နဝါရီ ၁၉ ရက်ည ထိပ်တိုက်တွေ့မှုအတွင်း လူပေါင်း ၇၀ ထိခိုက်ဒဏ်ရာရပြီး အယောက် ၃၀ ကို ဆေးရုံတင်ပို့ထားရကြောင်း ကြက်ခြေနီအဖွဲ့က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly