သွားအရောင် ပြောင်းစေနိုင်တဲ့ အစားအသောက်တွေ

သွားအရောင် ပြောင်းစေနိုင်တဲ့ အစားအသောက်တွေ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

တချို့တွေရှိတယ်၊ သွားပုံမှန်တိုက်တယ်၊ ခံတွင်းသန့်ရှင်းရေးကို သိပ်ဂရုစိုက်ပေမယ့်လည်း သွားလေးတွေ မဖြူလာဘူး။ သွားအရောင် ဝါတာတာလေးက ရှိနေတုန်းပဲ။ မသိရင် သွားပုံမှန်မတိုက်သလိုမျိုး အထင်ခံရပါသေးတယ်။ ကိုယ်သောက်သုံးနေရတဲ့ဆေးကြောင့် သွားတွေဝါတတ်တယ်ဆိုပေမယ့် အစားအသောက်တွေကြောင့်ရော မဖြစ်နိုင်ဘူးလား။

ဖြူစင်လှပမှုကို နှောင့်ယှက်နေတဲ့ အစားအသောက်တွေက 

(၁) လက်ဖက်ရည်
လက်ဖက်ရည်ချိုး ဆိုတဲ့စကားလုံး ကြားဖူးတယ်မဟုတ်လား။ လက်ဖက်ရည်ပန်းကန်လုံး၊ ရေနွေးအိုးတို့မှာဆို ချိုးတွေကပ်လာတတ်တယ်လေ။ သွားမှာလည်း ဒီလိုပါပဲ။ သောက်ပါများလာရင် လက်ဖက်ရည်က ကော်ဖီထက် အရောင်စွန်းထင်းမှုပိုများပါတယ်။

(၂) ဆော့စ်
ဆော့စ်လေး နဲ့ တို့စားရတာ ပိုအရသာရှိပေမယ့် သူ့မှာ အရောင်ပါဝင်နေတဲ့ ပဲပိစပ်၊ ခရမ်းချဉ်သီး၊ အနှစ်တွေကြောင့် အရောင်စွန်းထင်းစေပါတယ်။ သိပ်မသိသာပေမယ့် ငရုတ်ဆီအချဉ်ရည်နဲ့ ဆော့စ်တွေ မကြာခဏစားတတ်၊ များများစားတတ်သူတွေမှာ ကြာရင် အရောင်ရှိလာမှာပါပဲ။

(၃) အချိုရည်
အက်စစ်ဓာတ်ပါဝင်မှုများတဲ့ အချိုရည်တွေက သွားကိုထိခိုက်စေနိုင်ပါတယ်။ အရောင်ဆိုးဆေးပါတဲ့ အားဖြည့်အချိုရည်တွေဆို သွားကြွေလွှာကို ပျက်စီးစေပြီး အရောင်စွန်းကျန်စေနိုင်တယ်။

(၄) ဝိုင်
ဝိုင်ရဲ့အရောင်က ဝိုင်ဖန်ခွက်ထဲမှာ လှပပေမယ့် သွားမှာတော့ အလှပျက်စေနိုင်ပါတယ်။ ဥပမာ – ဝိုင်နီ ဆိုရင် သူ့မှာပါဝင်တဲ့ အက်စစ်ဓာတ်နဲ့ အရောင်ရင့်ရင့်ကြောင့်  သွားရဲ့ဖြူစင်မှုကို ပျက်ယွင်းစေနိုင်တယ်။ ဝိုင်ဖြူကျတော့လည်း အက်စစ်ဓာတ်ပါဝင်မှုပိုများလို့ သွားကိုထိခိုက်စေနိုင်တာပါပဲ။

(၅) အသီးအနှံ
ဘလူးဘယ်ရီ၊ သလဲသီးအနီ၊ ချယ်ရီသီးတို့လို အရောင်စိုစို၊ ရင့်ရင့် အသီးအနှံတွေကြောင့်လည်း သွားကို စွန်းထင်းစေနိုင်ပါတယ်။ ဒီအသီးတွေနဲ့ထုတ်လုပ်တဲ့ ဖျော်ရည်နဲ့ ယိုတွေကြောင့်လည်း အရောင်ကျန်စေနိုင်တယ်။

(၆) ဂက်စ်ပါတဲ့အချိုရည်
ဆိုဒါ၊ ကိုလာနဲ့ တခြားဂက်စ်ပါတဲ့အချိုရည်တွေကို လျှော့သောက်သင့်ပါ။ သူတို့က အရောင်ဖျော့တယ် ဆိုရင်တောင် အက်စစ်ဓာတ်နဲ့ ဓာတုပစ္စည်းတွေကြောင့် သွားကြွေလွှာကို အားနည်းထိခိုက်စေနိုင်ပါတယ်။

(၇) သကြားလုံ
အချိုကြိုက်တဲ့သူတွေရဲ့ သကြားလုံး၊ ပီကေ၊ ဂျယ်လီတို့ကြောင့်လည်း လျှာရော၊ သွားတွေရော အရောင်စွန်းကျန်စေနိုင်တယ်။

ဒီလိုမစွန်းရအောင် ဘယ်လိုလုပ်ကြမလဲ
ဆင်ခြင်စားသောက်မယ်
ဒီလိုအရောင်စွန်းထင်းစေနိုင်တဲ့ အစားအသောက်တွေကို ရှောင်ဖို့မလိုပေမယ့် စွဲစွဲမြဲမြဲ စားသောက်တာ၊ စားပြီးချိန် သွားပုံမှန်သန့်စင်မှုမလုပ်တာတွေ သတိပြုဆင်ခြင်ရင်ရပါတယ်။ ဥပမာ အသီးအနှံတွေဆိုရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အပြည့်အဝပါနေတာကြောင့် စားသင့်တဲ့အမျိုးအစားထဲမှာ ပါဝင်နေတာပါ။

ပိုက်နဲ့သောက်ပါ
အချိုရည်တွေ၊ ဖျော်ရည်တွေသောက်တဲ့အခါ ပိုက်နဲ့စုပ်သောက်တာက သွားကို ထိတွေ့မှု နည်းစေပါတယ်။

အကြာကြီးငုံမထားပါနဲ့
ဒီလိုစွန်းထင်းစေနိုင်တဲ့အစားအသောက်တွေကို ပါးစပ်ထဲမှာ ကြာကြာငုံမထားပါနဲ့။ ငုံထားပြီး နည်းနည်းချင်းသောက်တာ၊ မျိုချတာမျိုးက အရောင်စွန်းကျန်ဖို့ ပိုလွယ်စေပါတယ်။

စားသောက်ပြီးရင် ခံတွင်းသန့်ရှင်းပါ
သွားအရောင် စွန်းကျန်စေနိုင်တဲ့ အစားအသောက်တစ်ခုခု စားပြီးရင် အနည်းဆုံးတော့ ရေနဲ့ပလုပ်ကျင်းတာဖြစ်ဖြစ် ခံတွင်းသန့်ရှင်းပေးသင့်ပါတယ်။ ဒါပေမယ့် သတိထားရမယ့်အချက်က အက်စစ်ဓာတ်ပါတဲ့အစားအသောက်စားပြီးရင် မိနစ် ၃၀ ကနေ ၁ နာရီလောက်နေမှ သွားတိုက်သင့်ပါတယ်။ ဒါမှ ကြွေလွှာမထိခိုက်စေမှာပါ။ နောက်တစ်နည်းက အချိုမပါတဲ့ ပီကေစားရင်လည်း သွားမှာကပ်ငြိနေတာတွေ ပါသွားစေနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly