ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းဆိုပြီး မြန်မာနှင့် တရုတ်တို့ ပူးတွဲကြေညာခဲ့ခြင်းအပေါ် ထိုင်ဝမ် ကန့်ကွက်

By Focus Taiwan
19 January 2020
ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းဆိုပြီး မြန်မာနှင့် တရုတ်တို့ ပူးတွဲကြေညာခဲ့ခြင်းအပေါ် ထိုင်ဝမ် ကန့်ကွက်
ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Joanne Qu။

ဇန်နဝါရီ ၁၉ ။       ။ ထိုင်ဝမ်သည် အငြင်းပွားဖွယ်ရာမရှိ တရုတ်၏ နယ်မြေ တစိတ်တဒေသဖြစ်ကြောင်း ပေကျင်းအစိုးရနှင့် မြန်မာအစိုးရတို့ ပူးတွဲထုတ်ပြန်ခဲ့မှုအပေါ် ဇန်နဝါရီ ၁၉ ရက်တွင် ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်လိုက်သည်။

“ဇန်နဝါရီလ ၁၈ ရက်က မြန်မာနဲ့ တရုတ်တို့ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲထုတ်ပြန်ချက်တစ်ခုအပေါ် ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ႔ အလေးအနက် ကန့်ကွက်ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ‘တရုတ် တစ်ပြည်ထောင်တည်း မူ’ကို မြန်မာဘက်က ထပ်လောင်းအတည်ပြုခဲ့ပါတယ်။ နောက်ပြီး ထိုင်ဝမ်ကိုလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နယ်မြေ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ကြောင်း မြန်မာဘက်က ဖော်ပြခဲ့ပါတယ်။”ဟု ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Joanne Qu က ထုတ်ပြန်သွားသည်။

“ဒီလိုမျိုး မှားယွင်းတဲ့ ထုတ်ပြန်ချက်တွေကို ဝန်ကြီးဌာနအနေနဲ့ ပြစ်တင်ပါတယ်။ ဒါက တရုတ်၊ ထိုင်ဝမ်တို့ရဲ့ အချုပ်အချာ အာဏာကို ဆုတ်ယုတ်စေပါတယ်။”ဟု Qu က ပြောသည်။

ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်း မဟုတ်ကြောင်း၊ ထိုင်ဝမ်ပြည်သူများကိုယ်တိုင် ရွေးချယ်တင်မြှောက်ထားသည့် ထိုင်ဝမ်အစိုးရကသာလျင် နိုင်ငံတကာ မျက်နှာစာတွင် ထိုင်ဝမ်ကို ကိုယ်စားပြုနိုင်ကြောင်း Qu က ပြောသွားသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ နှစ်ရက်တာ လာရောက်သည့် ခရီးစဉ်အတွင်း မြန်မာနှင့် တရုတ်တို့ ဇန်နဝါရီ ၁၈ ရက်က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တစ်ခုအပေါ် Qu က တုန့်ပြန်ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

တရုတ်သမ္မတ၏ ခရီးစဉ်အတွင်း ထုတ်ပြန်ခဲ့သည့် ပူးတွဲထုတ်ပြန်ချက်ထဲတွင် တရုတ် တစ်ပြည်ထောင် မူကို မြန်မာဘက်က အခိုင်အမာ လိုက်နာပါကြောင်း၊ ထိုင်ဝမ်၊ တိဘတ်နှင့် ရှင်ကျန်းတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နယ်မြေအစိတ်အပိုင်းများအဖြစ် အသိအမှတ်ပြုကြောင်း ဖော်ပြထားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဆိုဒ် စာမျက်နှာအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly