ရှေးဟောင်းပစ္စည်းများနှင့် ပန်းချီကားများကို လေလံတင်ရောင်းချ

ရှေးဟောင်းပစ္စည်းများနှင့် ပန်းချီကားများကို လေလံတင်ရောင်းချ
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ ဇန်နဝါရီလ ၁၉။           ။ အဖိုးတန် ပန်းချီကားများနှင့် ဘိုးဘွားပိုင် ရှားပါးပစ္စည်း ပြပွဲကြီးတွင် မြန်မာမှု ရှေးဟောင်း ပစ္စည်းများကို ပြသ ကာ အိမ်နီးချင်း နိုင်ငံများမှ ရှေးဟောင်းပစ္စည်းများအား ရောင်းချခြင်းတို့ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်း အချိန်က ရန်ကုန်မြို့ အင်ယားလိဂ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ Myanmar Auction  မှ Marketing Director ဖြစ်သူ ကိုစိုင်းစစ်မိုးသော်က “ အဓိက မြန်မာ့ အမွေအနှစ်ပါပဲ၊ မြန်မာ့ အမွေအနှစ်က ရောင်းချခွင့် မရှိပါဘူး။ မြန်မာနိုင်ငံမှာ မြန်မာ့ အမွေ အနှစ်ကို ထိန်းသိမ်းရမယ့် လိုင်စင်ပဲ ရှိပါတယ်၊ ထိန်းသိမ်းခွင့်ပဲ ရပါတယ်။ ပွဲမှာကြတော့ နိုင်ငံခြားသား တွေ လည်း လာတယ်။ မြန်မာ့ အမွေအနှစ်ကိုလည်း ကြည့်ခွင့်ရမယ်။ တခြားနိုင်ငံရဲ့ ရှေးဟောင်း ပစ္စည်းတွေကိုကြ လေလံ ပစ်ပေးပါတယ်” ဟု မဇ္ဈိမသတင်းဌာနသို့ ပြောသည်။

အဆိုပါ အခမ်းအနားကို ဒုတိယ အကြိမ်မြောက် အဖြစ် ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လေလံတင် ရောင်းချခြင်းနှင့် မြန်မာ့အမွေအနှစ် ပစ္စည်းများ ပြသထားရာမှာတော့  နန်းတွင်း အသုံးအဆောင် ရတနာ၊ စော်ဘွားမျိုးနွယ်ပိုင် ဓား ၊ မြန်မာ့ရိုးရာ ထမင်းချိုင့် စသည့် ပစ္စည်းများကို ခင်းကျင်း ပြထားတာကို တွေ့ရပါသည်။

လာရောက် ကြည့်ရှုသူ တစ်ဦးဖြစ်သူ ဦးတင်မြင့်က “ အိမ်မှာထားရင် ဘယ်သူမှာ မသိပါဘူး။ အပြင်ဘက် ရောက်ပြီး ပြပွဲလုပ်မယ်။ လေလံပွဲ တင်မယ်ဆိုရင် ဒီပစ္စည်းတွေက လူတိုင်းလည်း သိသွားမယ်၊ လူငယ်တွေ လည်း သိရပါတယ်။ နှစ်ရဲ့ အတိုင်းအတာနဲ့ ဘယ်ခုနှစ် က ဘယ်သူတွေ လုပ်ခဲ့တာ ဘယ်သူရဲ့လက်ရာဆိုတာ လူတိုင်း သိသွားပါတယ်”ဟု ပြောသည်။

ပြပွဲတွင် မြန်မာနန်းတွင်း ပန်းချီကားများ အပါအဝင် ပန်းချီကားပေါင်း ၁၀၀ ဝန်းကျင် ပါဝင်ပြီး ထိုပန်းချီကားများ မှာ ရေဆေးနှင့် ဆီဆေးတို့ဖြင့် ရေးဆွဲထားကြောင်း သိရသည်။

ထို့နောက် ရှေးဟောင်း အသုံးအဆောင်ပစ္စည်းများကိုလည်း ဒေါ်လာ ၁၂၀၀ ကနေ သတ်မှတ် ဈေးနှုန်းများမှ စတင်၍ လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်း၊ လေလံတင် ရောင်းချသွားမည့် ရှေးဟောင်းပစ္စည်းများမှာ အမျိုးအစားပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရသည်။

အဆိုပါ လေလံတင် ရောင်းချပွဲသို့  ပြည်တွင်း/ပြည်ပမှ လာရောက်ကြည့်ရူကြသလို  လေလံဆွဲခဲ့ကြကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly