တနင်္သာရီတိုင်းဒေသကြီးထဲမှာ သဘာဝကော်ဖီသီးကို ကုန်ချောအဖြစ် ထုတ်လုပ်လာ

တနင်္သာရီတိုင်းဒေသကြီးထဲမှာ သဘာဝကော်ဖီသီးကို ကုန်ချောအဖြစ် ထုတ်လုပ်လာ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဇန်နာဝါရီ (၁၉)။      ။ မြန်မာ - ထိုင်းနယ်စပ် ဖြစ်သော တနင်္သာရီတိုင်းဒေသကြီးထဲမှ မောတောင်မြို့တွင် ကော်ဖီသီး အပင်များကို စိုက်ပျိုးပြီး သဘာဝအတိုင်း ကုန်ချောအဖြစ် ပြန်လည် ထုတ်လုပ် ရောင်းချနေကြောင်း သိရသည်။

မောတောင်မြို့တွင် ကော်ဖီသီး အပင်များ စိုက်ပျိုးသူ တောင်သူ တချို့ ရှိလာနေပြီး ထွက်ရှိလာသည့် အသီး အစေ့ ကုန်ကြမ်းများကို အိမ်နီးချင်း ထိုင်းနိုင်ငံကို အများဆုံး တင်ပို့နေကြောင်း တောင်သူများထံမှ သိရသည်။

မောတောင် မမော် ကော်ဖီခြံ တာဝန်ခံ ဦးလင်းထိန်က“ဒီ မောတောင်မြို့မှာ ကော်ဖီခြံ စိုက်တဲ့ တောင်သူတွေ ရှိပါတယ်၊ ဒါပေမယ့် တောင်သူတွေက အခုချိန်မှာ စီးပွားဖြစ်စိုက်တဲ့သူတွေ များများစားစား မရှိသေးပါဘူး၊ တောင်သူတွေ ဆီက ထွက်လာတဲ့အသီး ကုန်ကြမ်းအစေ့တွေကို ထိုင်းဘက်ကို ရောင်းချ နေရပေမယ့် ဈေးကောင်း မရဘူး ဖြစ်နေတယ်”ဟု ပြောသည်။

လက်ရှိတွင် မောတောင်မြို့ မမော် ကောဖီခြံတွင် အရည်သွေး ကောင်းသော ကော်ဖီသီး အပင်ရေ တစ်သောင်းကျော်ကို မြေဧက ၅၀ မှာ စိုက်ပျိုးထားရာ အောင်မြင် ဖြစ်ထွန်းနေကြောင်း သိရသည်။

အဆိုပါ ဒေသမှာ ရာသီဥတု မျှတခြင်းကြောင့် ပျိုးပင် စိုက်ခင်းများမှာ ၉၅ ရာခိုင်နှုန်းအထိ စိုက်ပျိုး အောင်မြင် နေကြောင်း ကော်ဖီသီးစိုက် တောင်သူများထံမှ သိရသည်။

မမော် ကော်ဖီခြံပိုင်ရှင် ဒေါ်မမော်က “ကျွန်မတို့ ခြံကထွက်တဲ့ ကော်ဖီသီး အစေ့တွေကို အရင်အဦးဆုံး ထိုင်းကို ကုန်ကြမ်း အနေနဲ့ တင်ပို့ ရောင်းပါတယ်၊ ဒါပေမယ့် ဟိုဖက်က ဈေးနှိမ်တော့ ကိုယ့်ဒေသမှာပဲ ဈေးကောင်း ရအောင်ဘယ်လိုမျိုး ထုတ်လုပ် ရောင်းချရင် ကောင်းမ လည်းဆိုတာ စိတ်ကူးရင်း ကုန်ချောအဖြစ် ထုတ်လုပ် ရောင်းချ ဖြစ်ခဲ့တယ်”ဟု ပြော သည်။

မောတောင် ကော်ဖီသီး စိုက်ခင်းကို ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့ရာ ၂၀၁၆ ခုနှစ်တွင် အသီးများ စသီးခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ ဘက်သို့ မူလက ကော်ဖီအစေ့များ ရောင်းချခဲ့ကြောင်း၊ သို့သော် ဈေးနှိမ်ဝယ်ယူခြင်းကြောင့် ကုန်ကြမ်း အဖြစ်မှ တစ်ပိုင် တစ်နိုင် ကုန်ချောအဖြစ် ကော်ဖီအမှုန့်နှင့် အသင့်ဖျော်သောက်၍ ရသော Product ၂ မျိုးကို ထုတ်လုပ် ရောင်းချနေ ကြောင်း မောတောင် မမော်ကော်ဖီခြံ တာဝန်ခံ ဦးလင်းထိန်းက ပြောသည်။

မောတောင် မမော်ကော်ဖီခြံပိုင်ရှင် ဒေါ်မမော်က "ထိုင်းမှာ သူတို့ဆီက ကုန်ချော ကော်ဖီအမှုန့် သွားဝယ်ရင် တစ်ကီလိုကို  ဘတ် ၄၀၀ ပေးရတယ် ကိုယ့်ဆီက ပေးလိုက်တဲ့ ကုန်ကြမ်း အသီးက တစ်ကီလိုမှ ၁၅ ဘတ်မှ ၃၀ အထိပဲ ရတော့ အရမ်းနစ်နာပါ တယ်” ဟု ပြောသည်။

လက်ရှိမှာ ကုန်ချော ကော်ဖီအမှုန့်ကို ထုတ်လုပ် ရောင်းချနေသည်မှာ တစ်နှစ်ခန့် ရှိနေပြီ ဖြစ်ကြောင်း၊ ဒေသထုတ် ကော်ဖီအမှုန့် တစ်ထုပ်ကို ၄၀၀၀ ကျပ်မှ ၆၅၀၀ ကျပ်၊ ၈၀၀၀ ကျပ်အထိ အရွယ်အစားလိုက် ရောင်းချနေပြီး ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် မြန်မာနိုင်ငံမြို့ကြီး တချို့သို့ တင်သွင်း ဖြန့်ချီလျက်ရှိကြောင်း သိရသည်။

ကော်ဖီသီး စိုက်ခင်းများ စိုက်ပျိုး အောင်မြင်လာခြင်းကြောင့် တောင်သူများ စိတ်ဝင်စားပါက စိုက်ပျိုးနည်း နည်းပညာ များကို ဝေမျှပေးသွား ဖြစ်ကြောင်း မောတောင် မမော်ကော်ဖီခြံ တာဝန်ခံ ဦးလင်းထိန်းက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် ရေမြေ သဘာဝအလျှောက် ရာသီဥတု မျှတ သည့်အတွက် ကော်ဖီသီးများ စိုက်ပျိုးမည်ဆိုပါက အောင်မြင်နိုင်ကြောင်း ကော်ဖီစိုက် တောင်သူများ ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly