မန္တလေး၊ ဇန်နဝါရီ ၁၉ ရက်။ ။ မြန်မာနိုင်ငံတွင် သဘာဝဘေး အန္တရာယ်ဖြစ်ပွားမှု တိုးတက်လာနေခြင်းအား ပြန်လည် တုန့်ပြန် ဆောင်ရွက်မှု ပိုမိုပြုလုပ် နိုင်ရန်အတွက် အနယ်နယ် အရပ်ရပ်ရှိ လူမှုကူညီရေး အသင်း များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သဘာဝဘေး တုန့်ပြန် ဆောင်ရွက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းမြင့်က ပြောပါသည်။
“၂၀၂၀ ခုနှစ်မှာ သဘာဝဘေး တုန့်ပြန်ဆောင်ရွက်ရေး အရေးပေါ် ကိစ္စတွေမှာ လူမှုကူညီရေးအသင်းများနဲ့ရော အဝေး ဒေသမှာရှိ အသင်းအဖွဲ့တွေနဲ့ ပေါင်းစပ်ဆောင်ရွက်သွားပါ့မယ်”ဟု ၎င်းက ပြောသည်။
ကူညီမှုများ ပေးအပ်ရာတွင် တကွဲတပြားစီ ပေးအပ်ခြင်းမပြုပဲ ဘေးအန္တရာယ် ကြုံတွေ့ရာ ဒေသများရှိ ပြည်သူများ လက်ထဲ အရောက် တစ်စုတစည်းတည်း ပေးအပ်နိုင်ရန် စီစဉ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဒေါက်တာသန်းထွန်းမြင့်က “ဘေးအန္တရာယ် ကြုံတွေ့ရတဲ့ ဒေသမှာရှိတဲ့ ပြည်သူတွေဆီကို အရောက် ကူညီမှုတွေ ပေးအပ် နိုင်ဖို့အတွက် ဒေသအစိုးရရဲ့ ခွင့်ပြုချက်နဲ့ လုပ်သွားမှာ ဖြစ်ပါတယ်၊ ခုလည်း ပြည်သူလူထု လက်ထဲအရောက် ထောက်ပံ့ တဲ့ စနစ်နဲ့ သွားနေပါတယ်” ဟု ပြောသည်။
သဘာဝဘေး ကြုံတွေ့လာလျှင် ကာကွယ်မှုများ ပြုလုပ်နိုင်ရန် အတွက်လည်း သင်တန်းများပေးအပ် သွားမည်ဟု သဘာ၀ ဘေး တုန့်ပြန်ဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းမြင့်က ပြောသည်။
“အန္တရာယ် ကျရောက်နေတဲ့ မိဘပြည်သူတွေကို ကူညီပေးဖို့ရယ်၊ သဘာဝဘေး အန္တရာယ်ကိုတွေကို လျော့ပါးလာအောင် ပညာပေး သင်တန်းတွေလည်း ပို့ချဖို့ရှိပါတယ်၊ နိုင်ငံတော် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ နေရာချထား ရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ သင်တန်းတွေကို ကျွန်တော်တို့လည်း တက်ရောက်ပါတယ်၊ တက်ကျွမ်း လာတဲ့ ပုဂ္ဂိုလ်တွေက တဆင့် ပြည်သူလူထုကို သင်ကြားပေးနေပါတယ်” ဟု ၎င်းက ပြောသည်။
သဘာဝဘေး တုန့်ပြန် ဆောင်ရွက်ရေးအဖွဲ့တွင် အသင်းအဖွဲ့ပေါင်း ၅၀ ကျော်ဖြင့် ၂၀၁၇ ခုနှစ်မှ စတင် ဖွဲ့စည်းခဲ့ရာ လက်ရှိမှာတော့ တိုင်းဒေသကြီး၊ ပြည်နယ်အသင်းများ ပါဝင်လာသဖြင့် အသင်းပေါင်း ၁၀၀ ကျော်အထိ တိုးချဲ့ ဖွဲ့စည်း နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။