တရုတ်သမ္မတ ရှီကျင့်ဖျင်၏ နာမည် ဘာသာပြန်မှုတွင် ဆိုးရွားသည့် အလွဲအမှား ဖြစ်ပေါ်မှု Facebook တောင်းပန် 

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ နာမည် ဘာသာပြန်မှုတွင် ဆိုးရွားသည့် အလွဲအမှား ဖြစ်ပေါ်မှု Facebook တောင်းပန် 
Photo: Nyein Chan Naing/EPA

ဇန်နဝါရီ ၁၉ ။     ။ Facebook တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ နာမည်ကို မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရာတွင် “မစင်တွင်း” ဟု အဓိပ္ပါယ်ထွက်စေသည့် အင်္ဂလိပ်စကားလုံးဖြင့် လွဲမှားသည့် ဘာသာပြန်ဆိုချက် ထွက်ပေါ်ခဲ့ခြင်းအပေါ် Facebook ကုမ္ပဏီဘက်က ထုတ်ဖော်တောင်းပန်သွားခဲ့သည်ဟု သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ facebook စာမျက်နှာပေါ်တွင် တရုတ်သမ္မတ ရှီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်ဦးအကြား တွေ့ဆုံမှုအကြောင်း တင်ထားသည့် ပို့စ်တစ်ခုကို ဘာသာပြန်ဆိုရာတွင် ယင်းအမှားအယွင်း ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာဘာသာဖြင့် မူလ ရေးသားထားသော ရေးသားချက်ကို Facebook ပေါ်တွင် အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်ဆိုရာတွင် မစ္စတာ ရှီ ၏ အမည်ကို “မစ္စတာ မစင်တွင်း” ဟု သီးခြား ခြောက်ကြိမ်အထိ ထွက်ပေါ်ထားခဲ့သည်။

“တရုတ်သမ္မတ မစ္စတာ မစင်တွင်း ညနေ ၄ နာရီမှာ ရောက်လာပါတယ်” ဟူ၍ ဘာသာပြန်ဆိုချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

“အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဖော်ရွေလှပါတယ်၊ ပြီးတော့ တရုတ်သမ္မတ မစ္စတာ မစင်တွင်းဟာ ဧည့်သည်တော် မှတ်တမ်းစာအုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်” ဆိုပြီး ဘာသာပြန်ဆိုချက် ထွက်ပေါ်ခဲ့သည်ကို တွေ့ခဲ့ရသည်။

ယင်းကိစ္စအတွက် တောင်းပန်ကြောင်း Facebook ဘက်က နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

“ ဖေ့ဘွတ်ခ်ပေါ်မှာ မြန်မာဘာသာကနေ အင်္ဂလိပ်ဘာသာကို ပြန်ဆိုတာနဲ့ပတ်သက်လို့ အမှားအယွင်းကြီးတစ်ခု ဖြစ်သွားတာကို သိခဲ့ရပါတယ်၊ အဲဒီလို သိသိချင်းပဲ အမြန်ဆုံး ပြန်ပြင်ဆင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်” ဟု Facebook ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက The Independent ကို ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly