မက္ကဆီကို သမ္မတဟောင်း၏လေယာဉ်ကို ကံစမ်းမဲဖောက်ရောင်းချမည်

မက္ကဆီကို သမ္မတဟောင်း၏လေယာဉ်ကို ကံစမ်းမဲဖောက်ရောင်းချမည်

မက္ကဆီကို ၊ ဇန်နဝါရီ ၁၈  ။                               ။ မက္ကဆီကိုသမ္မတ အန်ဒရေးမန်နျူရယ်လိုပက်ဇ်အိုဘရာဒိုသည် ယခင်သမ္မတဟောင်းအသုံးပြုခဲ့သည် ဇိမ်ခံလေယာဉ်အား အသုံးပြုရန်ငြင်းဆန်ခဲ့ပြီး ကံစမ်းမဲလက်မှတ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၇ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လိုပက်ဇ် အိုဘရာဒိုသည် ကံစမ်းမဲလက်မှတ်တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၂၅ နှုန်းဖြင့် လက်မှတ်စောင်ရေ ခြောက်သန်း ရောင်းချသွားမည်ဟုဆိုသည်။

လေယာဉ်ကံစမ်းမဲလက်မှတ်ပေါက်သူအနေဖြင့် လုပ်ငန်းလည်ပတ်ရန် ငွေမရှိပါက တစ်နှစ်အခမဲ့ အလိုက်ပေး လုပ်ဆောင်ပေး သွားမည်ဖြစ်သည်။

သမ္မတဟောင်း အန်းရစ် ပီနာနီတိုး အသုံးပြုခဲ့သည့် အမေရိကန်ဒေါ်လာ သန်း ၁၃၀ တန်ဖိုးရှိ အဆိုပါ ဘိုးရင်း ၇၈၇ Dreamliner သည် ရောင်းရန် အမေရိကန်သို့ ပို့ထားခဲ့ခြင်းဖြစ်ပြီး ထိန်းသိမ်းမှုအတွက်ကုန်ကျစရိတ် ၁ ဒသမ ၅ သန်းရှိနေပြီဖြစ်ရာ အကုန်အကျများသလောက် အသုံးမဝင်ဖြစ်နေသောလေယာဉ်အတွက် သမ္မတက လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

သမ္မတလေယာဉ်တွင် အိပ်ခန်းတစ်ခန်း၊ သီးသန့် သန့်စင်ခန်းတို့ပါသော်လည်း လူ ၈၀ ဦးသာ ဆန့်သည့်အတွက် လူ ၃၃၀ ဆန့် စီးပွားဖြစ်လေယာဉ်အဖြစ် ပြန်လည်ပြင်ဆင်မည်ဆိုပါက အလွန်အကုန်အကျများမည်ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်တစ်ဦးက ဆိုသည်။

လိုပက်ဇ်သည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဆီ အဆိုပါလေယာဉ်နှင့် ကျန်းမာရေးလုပ်ငန်းသုံးပစ္စည်းများ အလဲအလှယ် လုပ်ရန်လည်း ကမ်းလှမ်းထားသေးသည်။

အမေရိကန်နိုင်ငံသားတစ်ယောက်မှလည်း အမေရိကန်ဒေါ်လာ ၁၂၅ သန်းဖြင့် ဝယ်ယူရန်ကမ်းလှမ်းထားသည်ဟု သမ္မတကပြောသည်။ နောက်ထပ်ရွေးချယ်စရာနှစ်ခုမှာ လုပ်ငန်းရှင် ကားလို့စလင်းအပါအဝင် မက္ကဆီကိုလုပ်ငန်းရှင် ၁၂ ယောက်အား ရောင်းရန် သို့မဟုတ် ငှားရန် ဖြစ်သည်။

လေယာဉ်ရောင်းချငွေကို ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအတွက် ဆေးပညာရပ်ဆိုင်ရာ အထောက်အကူပစ္စည်းများ ဝယ်ယူသွားမည်ကြောင်း သမ္မတက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly