လေယာဉ်ပစ်ချခံရမှုက ဗိုလ်ချုပ်ကြီး ဆိုလီမာနီ၏ စွန့်လွှတ်အနစ်နာခံမှုကို အရိပ်မဖုံးကွယ်သွားသင့်ဘူးဟု ခါမေနီ ပြော

လေယာဉ်ပစ်ချခံရမှုက ဗိုလ်ချုပ်ကြီး ဆိုလီမာနီ၏ စွန့်လွှတ်အနစ်နာခံမှုကို အရိပ်မဖုံးကွယ်သွားသင့်ဘူးဟု ခါမေနီ ပြော

ဇန်နဝါရီ  ၁၈ ။                       ။အီရန်ဘာသာရေးဥသျှောင် ခါမေနီက ယူကရိန်းခရီးသည်တင်လေယာဉ် မတော်တဆ ပစ်ချခံရခြင်းသည် အလွန်ကို စိတ်မကောင်း ဝမ်းနည်းစရာ ဖြစ်သော်လည်း အမေရိကန်၏ ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသော ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလီမာနီ၏ စွန့်လွှတ်အနစ်နာခံမှုကိုတော့ အရိပ်ဖုံးကွယ် မသွားသင့်ဘူးဟု ဇန်နဝါရီ ၁၇ ရက်၌ ပြောသည်။

“လေယာဉ်ပျက်ကျမှုဟာ ဆိုးဝါးလွန်းတဲ့ မတော်တဆမှုပါ။ ဒီအတွက် တို့တွေရဲ့ နှလုံးသားတွေ လောင်ကျွမ်းရပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ ဒါကို အကြောင်းပြုပြီး ဗိုလ်ချုပ်ကြီး ဆိုလီမာနီရဲ့ အာဇာနည်ပီသမှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို မှေးမှိန်သွားအောင် ကြိုးစားနေကြတယ်။”ဟု ခါမေနီက တီဟီရန်တွင် သောကြာနေ့ ဝတ်ပြုသူများ စုရုံးမှု၌ ပြောခဲ့ခြင်းဖြစ်သည်။

ခါမေနီအနေဖြင့် ယခုကဲ့သို့ သောကြာနေ့ ဝတ်ပြုဆုတောင်းသူများကို ဦးစီးဦးဆောင်ပြုခြင်းသည် အစ္စလာမ္မစ်တော်လှန်ရေး ၃၃ နှစ်ပြည့်မြောက်သော ၂၀၁၂ ဖေဖော်ဝါရီလက တီဟီရန်ရှိ မိုဆာလာဗလီတွင် နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“လေယာဉ်ပျက်ကျလို့ တို့တွေ ဝမ်းနည်းနေရသလောက် တို့ ရန်သူတွေက ပျော်နေကြတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်၊ လက်နက်ကိုင်တပ်တွေနဲ့ ဖွဲ့စည်းပုံစနစ်တွေကို ယုံမှားသံသယဖြစ်အောင် လုပ်နိုင်မယ့် နည်းလမ်း ရှာတွေ့သွားတယ်ဆိုပြီး ရန်သူတွေက ပျော်နေကြတာ ဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်ကြီး ဆိုလီမာနီကို အမေရိကန်က သတ်ဖြတ်၍ လက်တုံ့ပြန်ပြီး အီရတ်ရှိ အမေရိကန်စစ်စခန်းများကို ဒုံးကျည်တိုက်ခိုက်မှုများ အီရန်က ဆင်နွှဲအပြီး အမြင့်ဆုံး တပ်လှန့်အနေအထား ရှိချိန်၌ ယူကရိန်းခရီးသည်တင်လေယာဉ်ကို မှားယွင်းပစ်ချမိခဲ့ခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်၌ အီရန်နိုင်ငံက ဝန်ခံခဲ့သည်။

အဆိုပါ စိတ်မချမ်းမြေ့ဖွယ် လေယာဉ်ပစ်ချခံရမှုအတွင်း အီရန်နှင့် ကနေဒါနိုင်ငံသား အများစုအပါအဝင် ယာဉ်ပေါ်လိုက်ပါသူ ၁၇၆ ဦးစလုံး သေဆုံးခဲ့ရသည်။ ယင်းအတွက် တီဟီရန်နှင့် အခြားသော မြို့များတွင် အီရန်အစိုးရအား ဆန့်ကျင်သည့် ဆန္ဒပြသမှုများ ဖြစ်ပွားပေါ်ပေါက်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly