အသံဖိုင်ပေါက်ကြားမှုဖြစ်ပြီးနောက် ယူကရိန်းဝန်ကြီးချုပ် နုတ်ထွက်စာ တင်

အသံဖိုင်ပေါက်ကြားမှုဖြစ်ပြီးနောက် ယူကရိန်းဝန်ကြီးချုပ် နုတ်ထွက်စာ တင်

ဇန်နဝါရီ ၁၇ ။                      ။ သမ္မတကို ဝေဖန်ပြောဆိုထားမှုများ ပါဝင်နေသည့် အသံဖိုင်တစ်ခု ပေါက်ကြားမှုဖြစ်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းဝန်ကြီးချုပ် အိုလက်ဆီ ဂွန်ချာရတ်ခ်သည် ၎င်း၏ ရာထူးနုတ်ထွက်စာကို ဇန်နဝါရီ ၁၇ ရက်က တင်ထားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ပြင်ပသို့ ပေါက်ကြားလာခဲ့သည့် အသံဖိုင်တစ်ခုထဲတွင် သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးသည် စီးပွားရေးနှင့်ပတ်သက်၍ ရှေးရိုးဆန်ပြီး ထဲထဲဝင်ဝင် နားလည်ခြင်းမရှိကြောင်း ဝန်ကြီးချုပ် ဂွန်ချာရတ်ခ်၏ ဝေဖန်ပြောဆိုချက်များ ပါဝင်နေသည်ဟုလည်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

သို့သော် ထွက်ပေါ်နေသည့် အသံဖိုင်ထဲတွင် ပါဝင်သည့် ပြောဆိုချက်များသည် မှန်ကန်ခြင်းမရှိကြောင်း ဂွန်ချာရတ်ခ်က ပြောသွားသည်။

“ သမ္မတအပေါ် ထားတဲ့ ကျွန်တော်ရဲ့ လေးစားမှု၊ ယုံကြည်မှု နဲ့ပတ်သက်လို့ ဖြစ်ပေါ်နေတဲ့ သံသယတွေကို ဖြေပျောက်ဖို့အတွက် ကျွန်တော် ခုပဲ ကျွန်တော့်ရဲ့ နုတ်ထွက်စာကို သမ္မတထံ တင်ပြလိုက်ပြီဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဂွန်ချာရတ်ခ်က ဖေ့ဘွတ်ခ်ကနေတဆင့် ရေးသားပြောဆိုခဲ့သည်။

တချိန်တည်းမှာပင် ပေါက်ကြားနေသည့် အသံဖိုင်သည် သမ္မတအပေါ် ၎င်းဘက်က လေးစားမှုကင်းမဲ့နေသယောင် အထင်ရှိစေရန်အတွက် လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်း ဂွန်ချာရတ်ခ်ကပြောသွားသည်။

“ ဒီ အသံဖိုင်ထဲက အကြောင်းအရာတွေက တကယ် မမှန်ပါဘူး” ဟု ၎င်းက ပြောသွားသည်။

၀န်ကြီးချုပ်၏ နုတ်ထွက်စာကို လက်ခံရရှိထားပြီး ယင်းအပေါ် စဉ်းစားသွားမည်ဟုလည်း ယူကရိန်းသမ္မတ ဇီလန်စကီး၏ ရုံးကလည်း ထုတ်ပြန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly