တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်လုပ်ငန်းများ ဒေသခံ၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန်လို

တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော်လုပ်ငန်းများ ဒေသခံ၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန်လို
ဓာတ်ပုံ- သန်းထိုက်အောင် (မဇ္စျိမ)

ရန်ကုန်၊ ဇန်နဝါရီလ ၁၇ ။         ။ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် စီးပွားရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဒေသခံများနှင့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားပေးရန် လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က တောင်းဆိုသည်။

အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများနှင့် ဒေသတွင်းရှိ အဖွဲ့အစည်းများ၏ ပါဝင်မှုကို မရပါက နယ်မြေ တည်ငြိမ် အေးချမ်းရေးကို ထိခိုက်စေနိုင်သလို ဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းများကို အဟန့်အတား ဖြစ်စေနိုင်သည်ဟု တွက်ဆမိကြောင်း SNLD အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ဆိုသည်။

ဓာတ်ပုံ- သန်းထိုက်အောင် (မဇ္စျိမ)

“တရုတ်-မြန်မာ စီးပွားရေးနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ အဓိကကတော့ နယ်စပ်ဖြတ်ကျော်ပြီးတော့မှ ကျွန်တော်တို့ဆီလာပြီး ရင်းနှီးမြုပ်နှံတဲ့ ကိစ္စတွေပေါ့။ အဲဒါက နှစ်ဖက်စလုံး အကျိုးရှိကောင်း ရှိလိမ့်မယ်လို့ အကောင်းမြင်ပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်တဲ့အခါမှာ ဒေသခံ တွေနဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများရဲ့ အကျိုးစီးပွားကို ထည့်တွက်စဉ်းစားပေးဖို့ ကျွန်တော်တို့က အဆိုပြု ထား တာပါ”ဟု ၎င်းက ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် လုပ်ငန်းများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဌာန တာဝန်ရှိသူများအား စေလွှတ်ပြီး လားရှိုး၊ ကျောက်မဲ၊ သိန္နီ စသည့် ဒေသများသို့ စီမံကိန်း ဆောင်ရွက်မည့် ကိစ္စများကို သွားရောက် ရှင်းလင်းမှုများ ရှိသော်လည်း ဒေသတွင်း တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ ဆွေးနွေးမှုက အားနည်းနေ သေး ကြောင်း ဦးစိုင်းလိတ်က ပြောသည်။

နိုင်ငံရေးလေ့လာသူ ဒေါက်တာအောင်မျိုးက “ တရုတ်နိုင်ငံက သူတို့လိုရင် လယ်ယာ ထွက်ကုန်တွေကို လက် ခံတယ်၊ မလိုတဲ့ အခါမျိုးမှာ မှောင်ခို သွင်းတယ်ဆိုပြီး ဖမ်းတာတွေ ရှိတယ်။ သမ္မတခရီးစဉ် အတွင်းမှာ လယ်ယာ ထွက်ကုန်နဲ့ ပတ်သက်ပြီးတော့ ဘယ်လောက် ဝယ်မယ်ဆိုတာ မျိုးတွေကို ဆွေးနွေးစေချင်တယ်” ဟု မစ္ဇျိမသို့ ပြောသည်။

မြန်မာနယ်စပ်မှ တဆင့် တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ ရောင်းချနေရသည့် လယ်ယာ ထွက်ကုန်များနှင့် ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာပြည် ခရီးစဉ်အတွင်းမှာ တိကျသည့် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုး၍ တင်ပို့နိုင်ရန် ဆွေးနွေး ဆောင်ရွက်နိုင်ပါက ပိုမိုကောင်းမွန်သည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ဆန်၊ ဖရဲ၊ သဖွား၊ လက်ဖက် အပါအဝင် တခြားသော လယ်ယာ ထွက်ကုန်များကို ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က တဆင့် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချလျက် ရှိနေသည်။

ဦးစိုင်းလိတ်က “ ဒေသခံတွေရဲ့ လယ်မြေတွေကို သူတို့ရဲ့ ပိုင်ဆိုင်တဲ့ စိုက်ပျိုးမြေတွေကို အစိုးရကအနေနဲ့ မြေလွတ်မြေရိုင်း သဘောမျိုး သိမ်းဆည်းသွားမှာကိုလည်း ကျွန်တော်တို့က ကြိုတင်ပြီးမှ ဟန့်တားလိုတယ်။ အဲဒီအပေါ် စိုးရိမ်မှုရှိတယ်။ နောက်တစ်ခုက ပွင့်လင်းမြင်သာမှုမရှိတဲ့ စီမံကိန်းတွေဆိုရင် ခြစားမှုကို အားပေးရာ ရောက်တဲ့ အတွက်ကြောင့်မို့လို့ ဒီအပေါ်မှာလည်း ပွင့်လင်းမြင်သာမှု ရှိဖို့အတွက်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ တောင်းဆိုလိုတယ်” ဟု မစ္ဇျိမသို့ ပြောသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင် အနေဖြင့် ဇန်နဝါရီ ၁၇-၁၈ ရက်တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် လာရောက်လျက်ရှိပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် သီးခြားစီ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန်လည်း ရှိကြောင်း သိရ သည်။

ထို့နောက် တရုတ်-မြန်မာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်ပြီး အစိုးရအချင်းချင်း သဘောတူညီမှု ၇ ခုကို လက်မှတ်ေ ရးထိုးသွားမည် ဖြစ်ကြောင်း အစိုးရဘက်က ပြောထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly