တရုတ်၏ ကလေးမွေးဖွားမှုနှုန်း ၁၉၄၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးလယ်ဗယ်သို့ ကျဆင်း

တရုတ်၏ ကလေးမွေးဖွားမှုနှုန်း ၁၉၄၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးလယ်ဗယ်သို့ ကျဆင်း

ဇန်နဝါရီ ၁၇ ။                                             ။ယမန်နှစ်က တရုတ်နိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်းသည် တရုတ်သမ္မတနိုင်ငံတည်ထောင်သည့် ၁၉၄၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးလယ်ဗယ်သို့ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ ယင်းအတွက်ကြောင့် အဆိုပါနိုင်ငံတွင် သက်ကြီးလူဦးရေ များပြားမှု၊ လုပ်သားအင်အား လျော့ကျမှုတို့က နှေးကွေးနေသော နိုင်ငံစီးပွားရေးအပေါ် ဖိအားများ ပိုမို သက်ရောက်စေနိုင်သည် ဆိုသည့် စိုးရိမ်ပူပန်မှုများကိုလည်း တိုးပွားလာစေခဲ့သည်။

ဒီမိုဂရက်ဖစ် အကျပ်အတည်းကို ရှောင်ရှားနိုင်ရေးအတွက် တရုတ်အစိုးရသည် တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒကို ၂၀၁၆ ခုနှစ်က ဖြေလျှော့ပေးခဲ့ပြီး တစ်အိမ်ထောင် ကလေးနှစ်ဦးအထိ ယူခွင့်ပြုခဲ့သည်။သို့သော် ယင်းမူဝါဒ ဖြေလျှော့ပြီးနောက်တွင်လည်း ကိုယ်ဝန်ဆောင်မှုနှုန်း သိသိသာသာ တိုးပွားစေခဲ့ခြင်း မရှိဟု သိရသည်။

၂၀၁၉ ခုနှစ်က ယင်းနိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်းသည် လူ အယောက် ၁,၀၀၀ တွင် ၁၀ ဒသမ ၄၈ ဦးနှုန်းဖြင့် ရပ်တည်နေခဲ့ကြောင်း အမျိုးသား စာရင်းအင်း ဗျူရိုက ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်သည်။ယင်းနိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်းသည် ယခုအခါ သုံးနှစ်ဆက်တိုက် ကျဆင်းခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၁၉ ခုနှစ်က ယင်းနိုင်ငံတွင် မွေးဖွားသည့် ကလေးဦးရေ ၁၄ ဒသမ ၆၅ သန်း ရှိခဲ့ရာ ၂၀၁၈ ခုနှစ်က ၁၅ ဒသမ ၂၃ သန်း၊ ၂၀၁၇ ခုနှစ်က ၁၇ ဒသမ ၂၃ သန်းအောက် လျော့ကျနေခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly