BRT မှာ မြှုပ်နှံထားသည့် ကျပ် ၁၀ ဘီလီယံကိစ္စ လွှတ်တော်မှာ မေးခွန်းထုတ်

BRT မှာ မြှုပ်နှံထားသည့် ကျပ် ၁၀ ဘီလီယံကိစ္စ လွှတ်တော်မှာ မေးခွန်းထုတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၇ ။          ။ ၂၀၁၆ ခုနှစ်တွင် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ(YBPC)မှ ပြေးဆွဲခဲ့သည့် BRT ယာဉ်လိုင်းသို့ အစိုးရမှ ရင်းနှီး မြှုပ်နှံထားသော ငွေကျပ် ၁၀ ဘီလီယံ ဘယ်ရောက်သွားပြီလဲဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ  လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းခဲ့သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပစဉ် ဦးကျော်ဇေယျက လွှတ်တော်မှာ မေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“ အဆိုပါ ၁၀ ဘီလီယံဟာ ကျွန်တော်တို့ လေ့လာတဲ့ အခါမှာတော့ YBPC ကုမ္မဏီမှာ ဆက်ပြီး ရင်းနှီးတယ် ဆိုတော့ အစိုးရ ဘက်ဂျက်ငွေပါပဲ။ အဲတော့ ၃၅ ဘီလီယံကို ကျွန်တော့် ခေါင်းထဲမှာ ထည့်ထားတော့ YBPC က ၄၅ ဘီလီယံ ဖြစ်တယ်ဆိုပြီး ထည့်ထားပါတယ်။ အဲတော့ ဝန်ကြီးအနေနဲ့ အဆိုပါ ၁၀ ဘီလီယံဟာ ဘယ်လို ခေါင်းစဉ်နဲ့ ဘယ်လိုဖြစ်သွားသလဲ ကြွေးမြီများ ထပ်ပြသလား အဲတာလေး သိချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၆ ခုနှစ်က ရန်ကုန်မြို့၏ ယာဉ်ကြော ကြပ်တည်းမှုကို ဖြေရှင်းရန် BRT Lite စနစ် စတင် အကောင်အထည် ဖော်ခဲ့စဉ် အစိုးရမှ ကုမ္ပဏီသို့ ငွေကျပ် ၁၀ ဘီလီယံ ထည့်ဝင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင်လည်း ရန်ကုန် မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီ လီမိတက် (YUPT) နှင့် YBPC ကုမ္ပဏီတို့ ဆီကို ငွေကျပ် ၃၅ ဘီလီယံစီ အသီးသီး ထပ်မံ ထည့်ဝင်ခဲ့ပြီး စုစုပေါင်း ငွေကျပ် ဘီလီယံ ၇၀ အစိုးရမှ ရင်းနှီး မြှုပ်နှံ ထားကြောင်း တိုင်းဒေသကြီးအစိုးရဘက်မှ ထုတ်ဖော် ပြောထားသည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ကားကုမ္ပဏီများသို့ ထည့်ဝင် ရင်းနှီးထားငွေမှာ စုစုပေါင်း ငွေကျပ် ၈၀ ဘီလီယံအထိ ရှိနေကြောင်း သိရသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး  ဦးမြင့်သောင်းက “ ဒါစာရင်းစစ်ချုပ်ရဲ့ အစီအရင်ခံ စာထဲမှာ အကုန်လုံး အသေးစိတ်ပါ ပါတယ်။ စာရင်းစစ်ချုပ်ရဲ့ အစီအရင်ခံစာ ကို ပြန်ပြီးတော့ စိစစ်ပါ။ စာရင်း စစ်ချုပ်ရဲ့ အစီအရင်ခံစာထဲမှာ ဒီကုမ္ပဏီနှစ်ခုရဲ့ အသေးစိတ် အကြောင်းအရာ များကို ထည့်သွင်း ဖော်ပြ ထားပါတယ်” ဟု လွှတ်တော်တွင် ဖြေကြားခဲ့သည်။

အဆိုပါ ၁၀ ဘီလီယံကိစ္စသည် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ခုနှစ် အစီအရင်ခံစာ ထဲတွင်လည်း မပါဝင်ကြောင်း ဦးကျော်ဇေယျက လွှတ်တော်အပြီးတွင် မီဒီယာများသို့ ပြောသည်။
“အန်ကယ်တို့က ဘီလီယံ ၇၀ ထပ်ဆောင်းပြီး‌တော့ YBS ဆိုပြီး ပြောင်းထည့်လိုက်တာ။ ပြောင်းတာမှန်တယ် ကိစ္စမရှိဘူး။ ၃၅ ဘီလီယံစီက မပျောက်ဘူး။ အခု ၁၀ ဘီလီယံက ဝန်ကြီးလည်း မသိဘူး ဖြစ်နေတယ်။ စာရင်း စစ်ချုပ် အစီအရင်ခံစာထဲလည်း မပါဘူး” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် YRTA တာဝန်ရှိသူ တချို့ထံ ဖုန်းဖြင့်မေးမြန်းရန်  မဇ္ဈိမမှ ကြိုးပမ်းသော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

YRTA တည်ထောင်ခြင်း သုံးနှစ်ပြည့် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အစိုးရအနေဖြင့် ယာဉ်လိုင်းများတွင် ဘီလီယံ ၇၀ ကျော်  ရင်းနှီးမြှုပ်နှံထားကြောင်း ပြောသည်။

“ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ထည့်ဝင်ထားတဲ့ ကားကုမ္ပဏီတွေ ရှိပါတယ်။ လွှတ်တော် ကနေ ကျွန်တော်တို့ကို သတ်မှတ် ပေးလိုက်တဲ့ ငွေကြေး ရှိပါတယ်။ ဒါက ဘီလီယံ ၇၀ ကျော် ရင်းနှီးမြှုပ်နှံ ထားပါတယ်” ဟု ၎င်းက မိန့်ခွန်းတွင် ထည့်သွင်း ပြောခဲ့သည်။

ထို့ကြောင့် လက်ရှိအချိန်ထိ ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီမှပြေးဆွဲခဲ့သည့် BRT ယာဉ်လိုင်းသို့ အစိုးရမှ ရင်းနှီးထည့်ဝင်ထားသော ငွေကျပ် ၁၀ ဘီလီယံမှာ မည်သည့် ခေါင်းစဉ်အောက်တွင် ရှိနေမည်ကိုမူ တိုင်းအစိုးရ အနေဖြင့် အတည်ပြု ထုတ်ဖော် ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထုအကြား ဝေဖန်မှုများ မြင့်တက်နေသည့် မ.ထ.သ စနစ်ကို ၂၀၁၇ ခုနှစ် အစပိုင်းမှာ ဖျက်သိမ်းပြီးနောက် ထိုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် YBS  စနစ်ဖြင့် စတင် ပြောင်းလဲ ပြေးဆွဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly