ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ရေး စာချုပ်အဖွဲ့(TPP)သို့ အင်ဒိုနီးရှားဝင်ရောက်မည်

ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ရေး စာချုပ်အဖွဲ့(TPP)သို့ အင်ဒိုနီးရှားဝင်ရောက်မည်

ဝါရှင်တန်၊ အောက်တိုဘာ ၂၇ ။            ။ အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးနိုင်ငံ၏ သမ္မတက ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ရေးစာချုပ်အဖွဲ့သို့ ဝင်ရောက်မည်ဟု ကတိပြုလိုက်ရာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် အငြင်းပွားဖွယ်ဖြစ်နေသည့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုအတွက် အင်ဒိုနီးရှား၏ ထောက်ခံမှုကို ရရှိလိုက်သည်။

ပြည်တွင်းတွင် စီးပွားရေးအမျိုးသားဝါဒီများ၏ ဒေါသနှင့် ရင်ဆိုင်ရနိုင်သော်လည်း ယင်းကုန်သွယ်ရေးအဖွဲ့သို့ ဝင်မည်ဖြစ်ကြောင်း အိမ်ဖြူတော်တွင် အိုဘားမားနှင့် တွေ့ဆုံစဉ် ဂျိုကိုဝီဒိုဒိုက ကတိပြုခဲ့ခြင်းဖြစ်သည်။ "အင်ဒိုနီးရှားဟာ ပွင့်လင်းတဲ့ စီးပွားရေးနိုင်ငံတစ်ခုပါ။ လူဦးရေသန်း ၂၅၀ရှိတဲ့ ကျွန်တော်တို့ဟာ အရှေ့တောင်အာရှမှာ အကြီးဆုံးစီးပွားရေးနိုင်ငံပါ။ အင်ဒိုနီးရှားဟာ TPP ကိုဝင်ဖို့ ရည်ရွယ်ပါတယ်"ဟု ဘဲဥပုံရုံးခန်းတွင် မစ္စတာဝီဒိုဒိုက ပြောကြားခဲ့သည်။

လောလောဆယ်တွင် TPP တွင် အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံရှိပြီး ၎င်းတို့တွင် သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ မက္ကဆီကို၊ ဗီယက်နမ်နှင့် အမေရိကန်တို့ပါဝင်သည်။ TPPက ကမ္ဘာ့အကြီးဆုံးလွတ်လပ်သည့် ကုန်သွယ်ရေးဧရိယာကြီးကို ဖန်တီးလျက်ရှိသည်။ TPP သည် ဒေသတွင်း တရုတ်၏ စီးပွားရေးအင်အားကြီးမားလာမှုကို ချိန်ခွင်လျှာညိရန်ဖြစ်သည်ဟု အချို့က ရှုမြင်ကြသည်။

အလုပ်သမားအခွင့်အရေးမှ အသိညာဏ်မူပိုင်ခွင့်ကာကွယ်ရေးအထိ ကိစ္စရပ်များနှင့် ပတ်သက်၍ ဘုံစံချိန်စံညွှန်းများချမှတ်မည့် TPP နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အမေရိကန်က မျှဝေသွားမည်ဟု အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် မိုက်ကယ်ဖရိုမဲန်းက ပြောသည်။

အင်ဒိုနီးရှားအနေဖြင့် ကြိုးနီစနစ်များဖြတ်ချရန်၊ ဒေသဆိုင်ရာထုတ်ပိုးမှုလိုအပ်ချက်များကဲ့သို့ အတားအဆီးများကို ကိုင်တွယ်ဖြေရှင်းရန်၊ သွင်းကုန်ထုတ်ကုန်ကန့်သတ်ချက်များပယ်ဖျက်ပေးရန်အပြင် အသိညဏ်ပစ္စည်းမူပိုင်ခွင့်ကာကွယ်ရန်တို့ လုပ်စရာရှိသည်ဟုလည်း မိုက်ကယ်က ပြောကြားခဲ့သည်။

မစ္စတာဝီဒိုဒို၏ ထောက်ခံချက်ရရှိခဲ့ခြင်းမှာ TPP နှင့် ပတ်သက်၍ ဒီမိုကရက်ပါတီ၏ ထောက်ခံမှုအပြည့်အဝမရရှိခဲ့သော အိုဘားမားအတွက် နိုင်ငံရေးအောင်မြင်မှုတစ်ရပ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly