တရုတ်သမ္မတ ခရီးစဉ်မှာ မြန်မာအရပ်ဖက်အဖွဲ့အစည်းများ၏ ရပ်တည်ချက် ဘယ်လိုရှိလဲ

တရုတ်သမ္မတ ခရီးစဉ်မှာ မြန်မာအရပ်ဖက်အဖွဲ့အစည်းများ၏ ရပ်တည်ချက် ဘယ်လိုရှိလဲ
ဓါတ်ပုံ - AP

မြန်မာနိုင်ငံသို့ လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေးအပါအဝင် တောင်းဆိုမှုနှင့် သဘောထားများကို မြန်မာနိုင်ငံရှိ အရပ်ဖက် အဖွဲ့အစည်းများက ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။

မြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းပေးရေး ကချင်အရပ်ဖက် အဖွဲ့အစည်းများ တောင်းဆို

ပွင့်လင်းမြင်သာမှု မရှိသော မြစ်ဆုံစီမံကိန်း လုံးဝ ရပ်ဆိုင်းလိုက်ရေး အိတ်ဖွင့်ပေးစာကို တရုတ်သမ္မတ၏ မြန်မာပြည် ခရီးစဉ်အတွင်း သမ္မတလက်ထဲ အရောက်ပေးနိုင်ရေး ကချင်အရပ်ဖက် အဖွဲ့အစည်းများက စီစဉ် လျက်ရှိသည်။

ကချင်အရပ်ဖက် အဖွဲ့အစည်း ၅၀ ကျော် စုပေါင်း လုပ်ဆောင်ခြင်း ဖြစ်ပြီး အရပ်ဖက် အဖွဲ့အစည်းများ၏ ပြောရေးဆိုခွင့်ရှိသူ ကိုနောင်ခိုင်တူးခေါင်က “ဒီစာမှာ ကျွန်တော်တို့ နိုင်ငံမှာ တရုတ်ကလုပ်နေတဲ့ ရင်းနှီး မြှုပ်နှံ မှုတွေ၊ စီမံကိန်းတွေဟာ တကယ်လက်တွေ့မှာ ဌာနေပြည်သူများကို အကျိုးမပြုဘူး။

ပြဿနာပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့ အကြောင်းတွေ၊ သဘာဝပတ်ဝန်းကျင် ပြဿနာ၊ ဌာနေပြည်သူများရဲ့ တည်ရှိမှုကို ခြိမ်းခြောက် နေတယ်ဆိုတာ ပေးပို့သွားဖြစ်တယ်။ ဒေသခံပြည်သူတွေရဲ့ သဘောထားဆန္ဒကို မရယူတာတွေ၊ ဓလေ့ထုံစံကို မလေးစားတာကြောင့် ပြဿနာပေါင်းစုံနဲ့ ဖြစ်နေတာကို တင်ပြသွားမှာ ဖြစ်တယ်၊ ဒီလို မဖြစ်အောင် နိုင်ငံ တကာ စံချိန်၊ စံနှုန်းနဲ့ လိုက်နာဖို့ တိုက်တွန်းချင်တာ”ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “ မြစ်ဆုံစီမံကိန်းက လုံးဝရပ်ဆိုင်းပေးဖို့၊ မြစ်ဆုံ ဧရာဝတီမြစ်ဆိုတာ မြန်မာနိုင်ငံရဲ့ အသည်းနှလုံးပေါ့၊ ဒီဟာက လုံးဝပျက်စီးလို့ မရဘူး။ ဒီဟာကို စတင်တဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူး။ ကျွန်တော်တို့နိုင်ငံမှာ စီမံကိန်းတစ်ခု အကောင်အထည် ဖော်မယ်ဆိုရင် နိုင်ငံတကာ စံချိန်နဲ့အညီ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ၊ ဒေသခံတွေရဲ့ သဘောထားကို ရယူဖို့ လုပ်ဆောင်သွားမယ်လို့ မျှော်လင့် ပါတယ်” ဟု ပြောသည်။

မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး ရန်ကုန်တွင် ဆန္ဒပြမည်

သဘာဝ ပတ်ဝန်းကျင် ပညာရှင်များ၊ ဒေသခံများ သာမက ပြည်သူလူထုကပါ ပြင်းပြင်း ထန်ထန် ကန့်ကွက်နေ သည့် မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းပေးရေးကို ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်၊ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေးအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေး လူမှုအဖွဲ့အစည်းတို့ ပူးပေါင်းပြီး ဇန်နဝါရီ ၁၈ ရက်တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၌ ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက် မူဝါဒရေးရာအဖွဲ့ဝင် ကိုဇော်ရမ်းက  “တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ နိုင်ငံက လုပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ဥပဒေ  အတိုင်းဖြစ်ဖို့၊ ပြည်သူလူထုရဲ့ သဘောတူညီချက်နဲ့ လုပ်တဲ့ စီမံကိန်းတွေ ဖြစ်ဖို့၊ နောက် တရုတ်ကုမ္ပဏီတွေက ဥပဒေမဲ့တာတွေ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီး တာ၊ မြစ်ဆုံစီမံကိန်းမှာလည်း စာချုပ်ချုပ်တုန်းက တရုတ် ကုမ္ပဏီနဲ့ ဒီဘက်အစိုးရ ချုပ်တဲ့အခါ အားနည်းချက် တွေ ရှိတယ်။ ပြည်သူတွေကို ချပြမှုမရှိဘူး၊ အဲဒီတော့ မြစ် ဆုံ စီမံကိန်းရပ်ဖို့။ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ ဆိုရင်လည်း ကြားကျကျရပ်ဖို့ သူက အရေးပါတယ်။ အဲဒီတော့ ကျွန်တော်တို့ တိုင်းပြည်၊လူထုကို ဆိုးကျိုးတွေဖြစ်စေမယ့် ကိစ္စတွေကို သူ့အနေနဲ့ ထိန်းသိမ်းဖို့ ရည်ရွယ်ပြီး လုပ်တာပါ” ဟု ပြောသည်။

ကျောက်ဖြူ ရေနက်စီမံကိန်း လက်မှတ်ထိုးမည့် အစီအစဉ် ရပ်ဆိုင်းရန် တောင်းဆို

တရုတ်သမ္မတ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကျောက်ဖြူ ရေနက်စီမံကိန်းနှင့် ပတ်သက်၍ လက်မှတ် ရေးထိုး မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောခဲ့ရာ  ဒေသခံများ အနေဖြင့် စိုးရိမ်မှု ရှိနေသောကြောင့် ရပ်ဆိုင်းထားရန် ကျောက်ဖြူအရပ်ဖက်အဖွဲ့အစည်း ၁၈ ဖွဲ့ ပါဝင်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့မှ ညှိနှိုင်းရေးတာဝန်ခံ ကိုခိုင်ဦးက “ရှေ့ကဖြစ်သွားတဲ့ ဂစ်ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်း စီမံကိန်းတွေမှာ ဒေသခံတွေရဲ့ အကျိုးစီးပွားဆိုတာ မတွေ့ရဘူး။ ဒေသခံတွေ နစ်နာသွားတဲ့အပေါ် လျော်ကြေး ထိထိရောက်ရောက် ပေးတာလည်း မတွေ့ရဘူး။ ဒေသခံတွေရဲ့ မိရိုးဖလာ ပိုင်ဆိုင်ထားတဲ့ မြေတွေမှာ ဘယ်ကမှန်း မသိတဲ့သူတွေ နာမည်ပေါက် အမည်ပေါက်တဲ့ ပြဿနာတွေ ရှိနေ တယ်။ အရက်ဖက် အဖွဲ့အစည်းတွေကလည်း လောလောဆယ် ဆိုင်းငံ့ထားသင့်တယ်ပေါ့။ တရုတ်အစိုးရ ဖြစ်ဖြစ်၊ မြန်မာအစိုးရဖြစ်ဖြစ် ကျွန်တော်တို့ အသံတွေကို ဂရုစိုက်သင့်တယ်။ ဂရုမစိုက်ဘဲ ဆက်လက် အကောင် အထည်ဖော်တာတို့ တစ်ခုခု လုပ်မယ်ဆိုရင် ဒေသခံလူတွေက ပေါက်ကွဲလာနိုင်ပါတယ်”ဟု ပြော သည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုများ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် မထိစေရေး

မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်သည့် တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်း များကို သဘာဝ ပတ်ဝန်းကျင်နှင့် လူမှု ဂေဟစနစ်ကို မထိခိုက်စေသော ရင်းနှီးမြှုပ်နှံမှုဖြစ်စေရေး သဘောထား ကြေညာချက်ကို စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)က ထုတ်ပြန်ခဲ့သည်။

UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းလိတ်ကတော့ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံ သည့်အခါ မြန်မာနိုင်ငံမှ ဥပဒေများကို လုံးဝ လေးစားလိုက်နာရန် လိုအပ်သလို တချိန်တည်းမှာပဲ လာရောက် အကောင်အထည်ဖော်သည့် ကုမ္ပဏီများကလည်း ဒေသခံများ၏ ဓလေ့ထုံးစံ ယဉ်ကျေးမှုကို လိုက်နာရန်လို အပ်ပြီး စီမံကိန်း အကောင်အထည်ဖော်မည့် နေရာအတော်များများသည် တိုင်းရင်းသား လက်နက်ကိုင်များ အခြေချသော နယ်မြေများဖြစ်သည့်အတွက် လက်နက်ကိုင်များ၏ အခန်းကဏ္ဍကို ထည့်တွက်ရန် လိုအပ် ကြောင်း၊ သို့မဟုတ်ဘဲ အစိုးရ နှစ်ရပ်ကြားမှာသာ ဖြေရှင်းမည်ဆိုပါက ဆိုးကျိုးများ ဖြစ်လာနိုင်ကြောင်း ဆိုသည်။

“တရုတ်သမ္မတနဲ့ မြန်မာနိုင်ငံ အစိုးရတွေ့တဲ့ အချိန်ကျရင် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး တော့ အကောင်အထည် ဖော်တော့မယ်ဆိုရင် ပြည်သူလူထုကို အလေးထားဖို့၊ လူထုရဲ့ ဆန္ဒက အဓိက ကျတယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့ ထုတ်ဖော် ပြောကြားချင်တာ တစ်ချက်ရယ်၊ နောက် သဘာဝ ပတ်ဝန်း ကျင်ရယ်၊ ဒေသခံလူထုကို ထိခိုက်မယ့်ကိစ္စကို ရှောင်ကြဉ်နိုင်ဖို့ပေါ့နော်။ အဲဒါကို နှစ်ဖက်သော အစိုးရများက အတိအကျ လိုက်နာပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ကို အဓိက တိုက်တွန်းချင်တာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်သည် သမ္မတဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ ဇန်နဝါရီလ ၁၇ ရက်မှ ၁၈ ရက်အထိ နှစ်ရက်ကြာ လာရောက်မည် ဖြစ်ရာ ထိုခရီးစဉ်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ သမ္မတဖြစ်ပြီး နောက် ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်ဖြစ်သည်။

သမ္မတရှီကျင့်ဖျင်၏ နှစ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း မြန်မာနိုင်ငံ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံ မည် ဖြစ်ပြီး မြန်မာနိုင်ငံတွင်း စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးမှုများလည်း ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ထိုအပေါ် တရုတ်စီမံကိန်း လုပ်ဆောင်နေသော ဒေသများမှ ပြည်သူများ အနေဖြင့် စိုးရိမ်မှုများ ရှိနေပြီး အရပ်ဖက် အဖွဲ့အစည်းများကလည်း သဘောထား ကြေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required