ပြင်သစ်သမ္မတ လေတပ်စခန်းသို့ လာရောက်စဉ် ဆန့်ကျင်သူများက အကဖြင့် ဆန္ဒပြ

ပြင်သစ်သမ္မတ လေတပ်စခန်းသို့ လာရောက်စဉ် ဆန့်ကျင်သူများက အကဖြင့် ဆန္ဒပြ

ပဲရစ်၊ ဇန်နဝါရီ ၁၇ ။                           ။ ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်က အော်လန်းမြို့အနီးရှိ လေတပ်စခန်းသို့ ဇန်နဝါရီ ၁၆ ရက်က လာရောက်စဉ် ၎င်း၏ ပင်စင်ပြုပြင်ပြောင်းလဲရေး စီမံချက်ကို ဆန့်ကျင်သည့် ဆန္ဒပြသူ ၁၅၀ မှ ၂၀၀ ကြားက မြို့ရင်ပြင်တွင် စုရုံးဆန္ဒပြကြရာ၌ အချို့မှာ ကခုန်ကြရင်း ဆန္ဒပြခဲ့သည်။

ဆန္ဒပြအလုပ်သမားများသည် အစိုးရ၏ ပင်စင်ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ပြီး စုရုံးဆန္ဒပြမှု ခြောက်ရက်မြောက်အဖြစ် လမ်းမပေါ်ထွက်ဆန္ဒပြခဲ့ကြသည်။ ဝန်ကြီးချုပ် အက်ဒ်ဝါဖီလိ က သမိုင်းဝင် ယာဉ်ကြောပိတ်ဆို့မှုကြီးဖြစ်‌နေတာ အတော်ကြာပြီ ဟု ပြောပြီးနောက် အာခံသည့်အနေဖြင့်လည်း ထိုသို့လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

မွန်းပါးနာ့စ် ရထားဘူတာရုံတွင်လည်း ကျောင်းဆရာ၊ ဆရာမများ၊ ရှေ့နေများနှင့် ဆေးရုံလုပ်သားများ ဆန္ဒပြခဲ့ကြပြီး အစိုးရအနေဖြင့် လက်လျှော့ရန် ဘယ်တော့မှ နောက်ကျမှာမဟုတ်ကြောင်း  ဆန္ဒပြခေါင်းဆောင်တစ်ဦးက ဆိုသည်။

သက်ပြည့်ပင်စင်ကို ၆၄ နှစ်ထိ တိုးမြှင့်ထားမှုအား ဝန်ကြီးချုပ်ဖီလိက ယာယီရုပ်သိမ်းပြီးနောက် ပြင်သစ်ဒီမိုကရက်တစ်အလုပ်သမားသမဂ္ဂ (CFDT) သည် စုရုံးဆန္ဒပြမှုတွင် မပါဝင်တော့ပေ။

ပြင်သစ်အစိုးရအနေဖြင့် ပင်စင်စနစ်ခွဲ အသီးသီးကို တစ်ခုတည်းစုစည်းပြီး သက်ပြည့်ပင်စင်ကိုလည်း ၆၂ နှစ်မှ ၆၄ နှစ်အထိ တိုးမြှင့်ရန် စီစဉ်နေခြင်းကြောင့် ဒီဇင်ဘာ ၅ ရက်ကစပြီး နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly