ကွန်ဖြူးရှပ် အယူအဆ အခြေခံ ငြိမ်းချမ်းရေး၊ ရှီရဲ့ မြန်မာပြည်ခရီးစဉ်

ကွန်ဖြူးရှပ် အယူအဆ အခြေခံ ငြိမ်းချမ်းရေး၊ ရှီရဲ့ မြန်မာပြည်ခရီးစဉ်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတရှီ။ ဓာတ်ပုံ - EPA

(က) ရာစုနှစ် တစ်စုအတွင်း နိမ့်မြင့်-တက်ကျဒဏ်ခံ ကွန်ဖြူးရှပ် အယူအဆ ပြန်လည် ညွှန်းဆိုခံရခြင်း

၁၉ ရာစုနှောင်းပိုင်း ဂျာမန် အကျော်ဇေးယျ လူမှုဗေဒပညာရှင် မက်ခ့်ဝီဘာလို ပုဂ္ဂိုလ်မျိုးက အဲဒီခေတ်ကာလ တရုတ် ပညာတတ်တွေလိုပဲ ကွန်ဖြူးရှပ်ဝါဒက တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေတယ်လို့ ယူဆမှာ သေချာ တယ်လို့ ဆိုသူက တရုတ်အရေး လေ့လာသူ ပါမောက္ခ Jeffrey N. Wasserstrom ပါ။

သူနှိုင်းယှဉ်ပြတဲ့ အချက်တွေထဲမှာ ဝီဘာရဲ့ အဆိုအရ ပရိုတက်စတင့်တွေဟာ တီထွင်ဖန်တီးမှုကို အားပေးပြီး တီထွင် ဖန်တီးမှုတွေက အရင်းရှင် စီးပွားရေးစနစ်ကို ပြောင်းလဲဖြစ်ထွန်းစေတယ်၊ ကွန်ဖြူးရှပ်ဝါဒက အတိတ်က ခမ်းနား ကြီးကျယ် မှုတွေကိုသာ ဆုပ်ကိုင်တယ်ဆိုတဲ့ အမြင်နဲ့ အဲဒီခေတ်ကာလက ရှုမြင် အကဲဖြတ်ခံရပုံကို ညွှန်းဆိုပြတာပါ။

ကွန်ဖြူးရှပ်ဝါဒနဲ့ ပတ်သက်လို့ ဖွံ့ဖြိုးရေးဘက်ကို အသားပေးနိုင်တဲ့ အယူအဆလို့ ရှုမြင်တဲ့ Kenneth Pomeranz လို ပုဂ္ဂိုလ်တွေ ရှိပေမယ့် အဲဒီ အယူအဆက ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစု ခေတ်ဦး ကာလတွေမှာ အားမကောင်းခဲ့ပါ။

သူကတော့ အင်္ဂလန်နည်းတူ တရုတ်ပြည်မှာလည်း ကျောက်မီးသွေးလို လောင်စာတွေ အပါအဝင် သဘာ၀ အရင်း အမြစ်တွေ ပေါကြွယ်ဝပေမယ့် ချင်မင်းဆက်အနေနဲ့ ကုန်းတွင်းပိုင်းကို ပြောင်းလာတာ ၊ ဥရောပနိုင်ငံတွေက ကုန်သွယ် ရေကြောင်းခေတ်မှာ နိုင်ငံဧရိယာတွေကို ပင်လယ်ဘက်တွေကို တိုးချဲ့ခဲ့ကြတာနဲ့ ကိုလိုနီစနစ် ထူထောင်နိုင်ကြတာ ၊ တရုတ်ဘုရင်တွေ အနေနဲ့ နိုင်ငံ တည်ဆောက်ရေးအတွက် အားမပြုတာကြောင့် သတ္တုတွင်းတွေ ရှိပေမယ့် ရထားလမ်း တွေ အသင့်မရှိတာ စတဲ့ အချက်တွေက တရုတ်ပြည် နှောင့်နှေးစေမှုရဲ့ အဓိက အချက်တွေ ဖြစ်တယ်လို့ သူက ညွှန်းဆို တာပါ။  

၁၉၀၀ ပြည့်လွန်နှစ် ကာလတွေကို ပြန်ကြည့်ရင် အနောက်နိုင်ငံတွေရဲ့ ဖိအားပေး အနိုင်ကျင့်မှု ၊ အစဉ်အဆက် မင်းဆက် တွေရဲ့ အုပ်ချုပ်ရေး ညံ့ဖျင်းမှုဒဏ်ကို အလူးအလဲ ခံနေရတဲ့ တရုတ်မှာ ပညာတတ်လူငယ်တွေရဲ့ အမြင်မှာ ကွန်ဖြူးရှပ် အယူအဆကို စွဲကိုင် အမြစ်တွယ်နေမှုဟာ တရုတ်ရဲ့ အဘက်ဘက်က ညံ့ဖျင်း ယိုယွင်းမှု တွေရဲ့ အဓိက ပြဿနာရပ် အဖြစ် ရှုမြင်မှုတွေ ရှိခဲ့ပါတယ်။

 ၂၀ ရာစုအစောပိုင်း တရုတ်ပြည်ရဲ့ ရုန်းကန် လှုပ်ရှားလိုတဲ့ မျိုးဆက်သစ်တွေရဲ့ အယူအဆမှာ ဒီလို အမြစ်တွယ်နေတာ အထင်အရှားပါ။ မော်စီတုန်းတို့ လူရွှန်းတို့ရဲ့ စာတွေမှာဆိုရင် ဒီအယူအဆကို အတုံးလိုက် အတစ်လိုက် ဝေဖန်တာ တွေ့ရ ပါတယ်။

“နှစ်ပေါင်း ကာလတာရှည် ကွန်ဖြူးရှပ်ဝါဒအပေါ် အမြစ်တွယ် ကိုးကွယ်မှုတွေကြောင့် လူငယ်တွေဟာ ဆုံးရှုံး နစ်နာမှုတွေနဲ့ ကြုံတွေ့နေရတယ် ၊ လူမှု့ အလွှာတွေ ကွာခြားကုန်တယ်၊ အမျိုးသမီးတွေဟာ ဖိနှိပ်ခံရတယ် တစ်ဦးချင်း အခွင့်အရေးနဲ့ ဖန်တီးမှုတွေဟာ တင်းကြပ်မှုတွေနဲ့ ကြုံတွေ့နေရပြီးတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုး ကွယ်မှုတွေဟာ တီထွင်ဖန်တီးမှုတွေကို အဟန့်အတားဖြစ်စေတယ် ဆိုပြီးတော့ပါ”။

ဆိုလိုရင်းကတော့ တရုတ်ပြည်ပြန်လည် ထွန်းတောက်စေဖို့ဆိုရင် အစဉ်အလာအရ ရှိခဲ့တဲ့ ထုံးတမ်းဓလေ့တွေကို ပြန် လည် မေးခွန်းထုတ် စစ်ကြော ပယ်ဖျက်ဖို့နဲ့ ဆင်ခြင်တုံ တရားအပေါ် အကျိုးသင့် အကြောင်းသင့် အခြေခံ နှိုင်းယှဉ် စဉ်းစားဖို့ ဆိုကြတာပါ။ ဒါကြောင့်ပဲ ကွန်မြူနစ်ပါတီ အာဏာရလာခဲ့တဲ့ ၁၉၄၉ ခုနှစ် နောက်ပိုင်းမှာ ကွန်ဖြူးရှပ် အယူအဆ တွေဟာ မှေးမှိန်လာခဲ့ ရပါတယ်။

ကွန်ဖြူးရှပ် အယူအဆ မှေးမှိန်ခဲ့တဲ့ ကာလတွေမှာ တရုတ်ကွန်မြူနစ်ပါတီ အနေနဲ့ ခေါင်းဆောင်ကြီးမော်ရဲ့ ဦးဆောင်မှု အောက်မှာ ခုန်ပျံကျော်လွှား စီမံကိန်းတွေ ၊ ယဉ်ကျေးမှု တော်လှန်ရေးတွေ ဆင်နွှဲခဲ့ပေမယ့် တိုင်းပြည်က နလံထူ မလာ ခဲ့ပါ။

ဆောင်းပါးအစပိုင်းမှာ ကွန်ဖြူးရှပ်ဝါဒဟာ အရင်းရှင်စနစ်နဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်ကို အားမပေးဘူးလို့ ယူဆသူတွေ အခိုင်အမာ ရှိခဲ့ကြောင်း ဆိုထားပေမယ့် တရုတ်ကွန်ဖြူးရှပ် အယူအဆ ဘေးချိတ်ခဲ့တဲ့ ကာလ တွေအတွင်း ကွန်ဖြူးရှပ်ဝါဒ ထွန်းကားတဲ့ နိုင်ငံတွေဖြစ်တဲ့ ဂျပန် ၊ တောင်ကိုရီးယား ၊ စင်္ကာပူ ၊ ထိုင်ဝမ် အပါ အဝင် အခု တရုတ်ပြည်မကြီးရဲ့ လက်အောက်မှာ ရှိနေတဲ့ ဟောင်ကောင်တို့ဟာ တိုးတက်ဖွံ့ဖြိုးလာခဲ့ကြပြီး ကွန်ဖြူးရှပ် အယူအဆ အရင်းရှင်စနစ်နဲ့အတူ ရပ်တည်နိုင်တယ်ဆိုတဲ့ အယူအဆအပေါ် ဟန့်တားခြင်းငှာ မစွမ်းဆောင် နိုင်တော့ပါဘူး။

တရုတ်ကို လမ်းကြောင်းမှန်ပေါ် တင်ပေးခဲ့တဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ ကာလတွေမှာ ကွန်ဖြူးရှပ်ရဲ့ အယူအဆ တွေဟာ ပြန်လည် ရှေ့တန်း ရောက်လာပါတယ်။ စီးပွားရေးလို ကိစ္စတွေမှာ သာမက နိုင်ငံတည် ငြိမ်ရေး၊ လူမှုသဟဇာတ ဖြစ်တည်ရေးလို ကိစ္စတွေမှာပါ ပြန်သုံးလာကြတာပါ။

တရုတ်ပြည်တွင်းက လူမျိုးစုငယ်တွေအရေး ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေလို အရေးနဲ့ ပတ်သက်လို့လည်း သင့်လျော် လျောက်ပတ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပိုပေးတဲ့ အလေ့အထတွေကိုလည်း တိန့်ရှောင်ဖိန် လက်ထက်ကစလို့ ပြန်လည် ကျင့်သုံးမှု အားကောင်းလာခဲ့ပါတယ်။

UWSA စစ်ဦးစီးချုပ် ပေါက်ယူချိန်းနှင့် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်။ ဓာတ်ပုံ - AFP

ခေတ်သစ် တရုတ်ပြည် ဖွံ့ဖြိုးမှုကို ကမ္ဘာက သတိထား လာမိစေခဲ့တဲ့ ၂၀၀၈ ဘေဂျင်းအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲမှာ ဆိုရင် ကွန်ဖြူးရှပ် ပုံရိပ်လွှာက တရုတ်ရဲ့အဓိက သင်္ကေတ ပြန်ဖြစ်လာတာ ကမ္ဘာက မြင်တွေ့ခဲ့ရပါတယ်။

ကွန်ဖြူးရှပ်ရဲ့ ဗဟိုချက် အယူအဆကတော့ ပညာရေး ၊ ရိုးရာဓလေ့နဲ့ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေဖြစ်ပြီး ရာထူး ဂုဏ် သိမ်နဲ့ ဝါစဉ်အရ ဦးစားပေးပေမယ့် အကျိုးအမြတ် တွေကိုတော့ ရာထူးကြီးသူကော နိမ့်သူပါ မျှေ၀ ထောက်ပံ့စေတဲ့ အယူအဆ မျိုးပါ။

နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်တော့ ကွန်ဖြူးရှပ် အယူအဆမှာ မိသားစုသဘော ဆောင်ပြီး အုပ်ချုပ်သူက အဓိက ကျပေမယ့် လူသားဆန်တဲ့ အယူအဆ ၊ ကိုယ်ကျင့်တရား အားကောင်းမှုနဲ့အတူ လူမှု သဟဇာတ ဖြစ်တည်ရေး Social Harmony ၊ အင်အားကြီးသူက အင်အားကြီးတယ်ဆိုပြီး ဝံ့ဝံ့ကြွားကြွား မနေဘဲ နှိမ့်ချကာ အင်အားငယ် သူတွေကို လက်တွဲခေါ်ရေး ၊ စိတ်သဘောထား ကြီးမြတ်ရေးလို အယူအဆတွေကို အခြေခံတာ ဖြစ်ပါတယ်။
Social Harmony လူမှု သဟဇာတ ဖြစ်ရေး အယူအဆမှာ စီးပွားဥစ္စာ ဖွံ့ဖြိုးမှုကို မျှဝေခံစားစေခြင်း၊ အပြန် အလှန် ရိုသေမှု ၊ သဘောထား ကြီးမြင့်မှုတို့က အရေးပါ ပါတယ်။ လူမှုသဟဇာတ မဖြစ်ဘဲ လူမှု အစီအစဉ်တွေ တည်တည်ငြိမ်ငြိမ်ဖြစ်မှာ မဟုတ်လို့ ဆိုတာပါ။

မိသားစုမှာ မိဘက အဓိက ဆိုပေမယ့် သူငယ်ချင်း၊ မိတ်ဆွေ၊ မိသားစုဝင်တွေနဲ့ ဆက်ဆံရာမှာ မည်မျှပင် ရင်းနှီးသည် ဖြစ်စေ စည်းတစ်ခုနဲ့ သူတို့ ရပ်တည်ခွင့် သူတို့ရဲ့ ကိုယ့်ဘာသာကိုယ် ရပ်နိုင်တဲ့ စွမ်းအားအပေါ် အသိအမှတ်ပြုပြီး လူ့ဂုဏ် သိက္ခာနဲ့အညီ ဆက်ဆံကြဖို့ဆိုတဲ့ အချက်က ကွန်ဖြူးရှပ်ဝါဒရဲ့ တန်ဖိုးတရပ်ပဲ ဖြစ်ပါတယ်။

ကွန်ဖြူးရှပ်ရဲ့ အဆုံးအမ တွေထဲမှာ လူတိုင်းကို သာတူညီမျှ ကြောင်းကျိုး ညီညွတ်စွာနဲ့ လေးစားမှု ရှိရမယ်။ လိမ္မာတဲ့ အကွာအဝေး တစ်ခုမှ လွတ်လွတ်လပ်လပ် ထားရှိစေပြီး လူအချင်းချင်း ကျန်းခမ်းသာ မာပါစ လွတ်လပ်ပေါ့ပါးစွာ အ သက်ရှူသွင်း ရှူထုတ်နိုင်အောင် နေရာ ချန်ထားပေးရမယ်လို့ လမ်းညွှန်ချက် တရပ်ပါရှိပါတယ်။

(ခ) ကွန်ဖြူးရှပ် အယူအဆအခြေခံ တရုတ်ရဲ့ ကြားဝင်ဖြေရှင်းရေး အယူအဆ

ဒုတိယ ကမ္ဘာစစ်အပြီး နောက်ပိုင်း ကာလတွေကို ပြန်ကြည့်ရင် တရုတ်အနေနဲ့ နိုင်ငံတကာက ပဋိပက္ခ ဖြေရှင်းရေးလို လုပ်ငန်းစဉ်တွေမှာ သိပ်ပါလေ့ မရှိပါ။

ပုံမှန်အားဖြင့် ကြည့်မယ်ဆိုရင် နိုင်ငံတကာက ပဋိပက္ခ ကြားဝင် ဖြေရှင်းရေးလိုကိစ္စမှာ ဆောင်ရွက်လေ့ရှိတဲ့ နိုင်ငံတွေဟာ အနောက်နိုင်ငံတွေနဲ့ ချမ်းသာတဲ့ နိုင်ငံတွေသာ ဖြစ်ကြပါတယ်။ တရုတ်အနေနဲ့ ဒီလို ပဋိပက္ခ ဖြေရှင်းရေးလို အရေးတွေမှာ မပါခဲ့တာဟာ ကြားဝင် မစွက်ဖက်ရေး မူဝါဒ ကိုင်စွဲတာကြောင့် ဖြစ်နိုင်သလို ၊ ကြားမဝင်တဲ့ အတွက်လည်း သူ့ရဲ့ အမျိုး သား အကျိုးစီးပွားတွေကို ပိုဂရုစိုက် နိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူ့နိုင်ငံရဲ့ အချုပ်အခြာအာဏာ လုံခြုံရေး အကျိုးစီးပွားတွေကို မထိခိုက်လာမချင်း သူဟာ သံခင်း တမန်ခင်း ဆန်ဆန်သာ ဖြေရှင်းမှုကို လိုလားကြောင်း ပြသခဲ့တာ ပါပဲ။

နောက်ပိုင်း ကာလတွေ အတွင်းမှာတော့ အဲဒီ အယူအဆ စွဲကိုင်မှုကနေ တရုတ်အနေနဲ့ တဖြည်းဖြည်း မူဝါဒ ပြောင်းလာ ခဲ့ပါတယ်။ နိုင်ငံတကာမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေမှာ တရုတ်ရဲ့ ကြားဝင် ဖြေရှင်းမှု ပုံစံဟာ အနောက်နိုင်ငံတွေက ကြားဝင် ဖြေရှင်း ဆောင်ရွက်ပေးတဲ့ ပုံစံမျိုးတော့ မဟုတ်ပါ။

အမှတ်သရုပ် လက္ခဏာနဲ့ လူမျိုး ဘာသာ မတူညီမှုအပေါ် အခြေခံတဲ့ ပြည်တွင်းစစ်တွေ အပါအဝင် ပဋိပက္ခတွေကို အနောက်နိုင်ငံတွေက ကြားဝင်ဖြေရှင်းမှုမှာ သင့်တင့်မျှတခြင်း ( Fairness ) ၊ တရားမျှတမှု ( Justice ) ၊ တန်းတူညီမျှမှု Equality ၊ သာတူညီမျှ သဘောအပေါ် အခြေခံမှု Equity နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း အုပ်ချုပ်ခွင့်တွေအပေါ် အခြေခံတာ ဖြစ်ပါတယ်။

တရုတ်ကတော့ သူ့နိုင်ငံအတွက် ကျင့်သုံးတဲ့ စနစ်မှာတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ အချက်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေး လောက်သာ ဖွင့်ဆိုတာ ဖြစ်ပြီး သီးသန့် လွတ်လပ်တဲ့ နိုင်ငံထူထောင်ခွင့်အထိ သွားနိုင်တဲ့ External Self Determination အဆင့်ကို လက်မခံပါ။

တရုတ်ရဲ့ ပဋိပက္ခ ကြားဝင် ဖြေရှင်းမှုဆိုင်ရာ တန်ဖိုးတွေကတော့ ကွန်ဖြူးရှပ် တန်ဖိုးတွေဖြစ်တဲ့ လူသားချင်း စာနာမှု ၊ အကျင့် သိက္ခာစောင့်သိမှု အပေါ် အခြေခံပြီး လူမှု သဟဇာတ ဖြစ်မှု ၊ သင့်တင့် လျောက်ပတ်မှု ၊ သဘောထားကြီးမြင့်မှု ၊ ကိုယ့်ကိုယ်ကို နှိမ့်ချ ဆက်ဆံတတ်မှု အပေါ်မှာ မူဝါဒ ချမှတ် ချဉ်းကပ်တာ ဖြစ်ပါတယ်။

ပဋိပက္ခ အခြေအနေ ပြောင်းလဲမှုအပေါ် မူတည်ပြီး မူဝါဒရေးရာ တိုးလိုက်လျှော့လိုက် ၊ အတန်ငယ် ခြေလှမ်း ခပ်စိပ်စိပ်နဲ့ တိုးမြှင့် ချဉ်းကပ်လိုက် လုပ်တာဟာလည်း တရုတ်ရဲ့ ကြားဝင်ဖြေရှင်းမှုတွေမှာ မြင်တွေ့နေကြ လက္ခဏာရပ်ပါပဲ။

တရုတ်အထူး ကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်နဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - The Kachin Net

ဒါကြောင့်ပဲ အာဏာရှင် ခေတ်လွန် ဒုတိယသက်တမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အုပ်ချုပ်တဲ့ ကာလမှာ တရုတ် အနေနဲ့ မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တစ်စုံတစ်ရာ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးသင့်တဲ့ အမြင် (တစ်နိုင်ငံ စနစ်နှစ်မျိုး ကျင့်သုံးမှု အစီအစဉ်) နဲ့ စတင် ချဉ်းကပ်ခဲ့တာဖြစ်ပြီး အဲဒီအစီအစဉ်ကို မြန်မာအစိုးရဘက်က လက်ခံဖို့ ခက်တဲ့အတွက် နယ်စပ်တည်ငြိမ်ရေး ၊ ဖွံ့ဖြိုးရေးမှသည် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုတဲ့ လမ်းစဉ်ကို ပြောင်းလဲ အဆိုပြုခဲ့လေသလား ထည့်တွက်စရာ ဖြစ်ပါတယ်။

အဲဒီလို လမ်းစဉ် ပြောင်းတယ်ဆိုလို့ ကွန်ဖြူးရှပ် အယူအဆ အခြေခံတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကြားဝင် ဖြေရှင်းမှုကို သူ့အနေ နဲ့ လုံး၀ စွန့်လွတ်လိုက်ပြီလို့ ဆိုလိုတာတော့ မဟုတ်ပါ။

(ဂ) လူမှု သဟဇာတ ဖြစ်တည်ရေး ၊ ဖွံ့ဖြိုးရေးသည် နိုင်ငံရေး

နှစ်နိုင်ငံ နယ်စပ်တလျှောက် မျိုးနွယ်စုတူ လူမျိုးတွေ အမြောက်အမြား ရှိနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခကို တရုတ် အနေနဲ့ ဖြေရှင်းရာမှာ အလွှာစုံ ဆက်ဆံရေးကိုလည်း ကျင့်သုံးတဲ့ တရုတ်ဟာ လူမှု သဟဇာတ ဖြစ်တည်ရေး Social Harmony ဆိုတဲ့ အယူအဆကို တသွင်သွင် ဆက်သုံးနေတာလည်း တွေ့ရပါတယ်။

တရုတ်က သူ့နိုင်ငံ တိုးတက်လာမှုအပေါ် မြန်မာအရေးနဲ့ နှိုင်းယှဉ် ပြောဆိုတဲ့အခါတိုင်း နိုင်ငံရေး တည်ငြိမ်မှု အရေးကြီးပုံ ၊ သန့်ရှင်းတဲ့ အုပ်ချုပ်မှု ပုံသဏ္ဍာန် ကောင်းမွန်တဲ့ အစိုးရ လိုအပ်ပုံနဲ့ အဆိုပါ အချက်တွေဟာ စီးပွားရေးနဲ့လည်း အပြန် အလှန် ဆက်နွယ်မှု ရှိပုံကို ဥပမာပေး ပြောဆိုလေ့ ရှိတာပါ။  မြန်မာမှာ ပဋိပက္ခတွေ ဖြစ်နေရင် နိုင်ငံရေး တည်ငြိမ်မှာ မဟုတ်ဘူးဆိုတဲ့ အယူအဆကိုတော့ တရုတ်ဘက်က လက်ခံပါတယ်။

"တူညီတဲ့ အကျိုးစီးပွားရှိရင် တူညီတဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်။ အလွှာစုံ ဆက်ဆံရေးက အားလုံး ပါဝင်နိုင်ရေး အကျိုးအမြတ် မျှဝေနိုင်ရေး ဖြစ်တယ်"လို့ ဆိုပါတယ်။

လူမှုသဟဇာတ ဖြစ်မှု အယူအဆဟာ ခေတ်သစ် တရုတ်ပြည် တည်ထောင်တဲ့ နှစ်ပေါင်း ၁၀၀ ပြည့် ၂၀၅၀ မှာ ခေတ်မှီ ဆိုရှယ်လစ် ကမ္ဘာ့ အင်အားကြီးနိုင်ငံ ဖြစ်စေရေး ရည်ရွယ်တဲ့ ရည်မှန်းချက်ထဲမှာလည်း ပါဝင်တဲ့ အယူအဆ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်က သမ္မတ ဟူကျင်တောင်ရဲ့ မိန့်ခွန်း တစ်ခုမှာဆိုရင် လူမှု သဟဇာတ ဖြစ်ရေးဆိုတဲ့ ဖွင့်ဆိုမှုကို ဆင်းရဲ ချမ်းသာ ကွာဟမှု လျှော့ချဖို့ ၊ လက်လှမ်းမီတဲ့ ပညာရေး ၊ ကျန်းမာရေးစနစ် ဖော်ဆောင်ဖို့ ၊ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး  ကိစ္စရပ်တွေအထိ ဖွင့်ဆိုလာခဲ့တာပါ။

နောက်ပိုင်း တရုတ်ရဲ့ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး တပြိုင်တည်း ချဉ်းကပ်တဲ့ မူဝါဒ ဖော်ဆောင်မှုမှာ အခြေခံ အဆောက်အအုံ လိုအပ်ချက်နဲ့ ဖွံ့ဖြိုးရေး လိုအပ်ချက်တွေက နိုင်ငံရေး ပြဿနာဆိုတဲ့ အကောက်အယူကို စွဲကိုင်တာ ဖြစ်ပါတယ်။

မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေကို ကြည့်ရင် စီးပွားရေးအရ တရုတ်ကို မှီခိုပေမယ့် ရပိုင်ခွင့်နဲ့ ဖြစ်တည်မှုအရ အနောက်နိုင်ငံရဲ့ လူ့အခွင့်အရေး တန်ဖိုးကို ကိုင်စွဲတဲ့ ကချင် အသိုက်အဝန်း တချို့မှအပ ၊ ကျန် အမျိုးသားရေး အလံ ထောင် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ သိပ်ပြီး မလွန်ဆန်နိုင်ကြပါ။

ဤသို့တိုင် တရုတ်-မြန်မာ ရထားလမ်းတလျှောက် မြေယာအရေးအတွက် ၎င်းတို့နဲ့ ဆွေးနွေးဖို့ လိုတယ်ဆိုတဲ့ တအန်း (ပလောင်)လက်နက်ကိုင်လို အဖွဲ့မျိုးလည်း ရှိနေခဲ့တာ ၊  တရုတ်အနေနဲ့ သူ့ အကျိုးစီးပွားအတွက် တိုင်းရင်းသား တွေကို ချမနင်းသင့်ဘူးလို့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်(၇) ဖွဲ့ထဲက တစ်ဖွဲ့ကက တာဝန်ရှိသူက ပြောဆိုခဲ့မှု ၊ တရုတ် ရင်းနှီးမြှပ်နှံမှု စီမံကိန်းတွေအပေါ် ကန့်ကွက်တဲ့ လှုပ်ရှားမှုတချို့ ဆက်ရှိနေမှုတွေကတော့ တရုတ် ကြားဝင် ဖြေရှင်းနေတဲ့ မြောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းဆိုင်ရာ စိန်ခေါ်မှု အသံတွေပဲ ဖြစ်ပါတယ်။

ဥပမာအားဖြင့် တရုတ်၏ မျက်မှောက်ခေတ် သြဇာဖြန့်ကျက်မှုတွင် နိုင်ငံတကာမှာ ဖော်ဆောင်နေတဲ့ တရုတ်မူဝါဒတွေကို အထောက်အပံ့ ဖြစ်စေဖို့ သြဇာချဲ့ထွင်မှု ဆိုငြားသော်လည်း နိုင်ငံတကာ တရားရုံးတွေမှာ မြန်မာတရားစွဲဆိုခံရစဉ် တရုတ် ရဲ့  မြန်မာအစိုးရအပေါ် ရပ်တည်ပေးမှုနဲ့ ခြားနားစွာ မြောက်ပိုင်းတပ်ဖွဲ့တချို့က တရားစွဲဆိုမှုကို ကြိုဆိုထောက်ခံတဲ့  ကြေညာချက် ထုတ်ပြန်တဲ့ ကိစ္စမျိုးတွေက ထင်သာတဲ့ ဥပမာပင်။

တချိန်တည်းမှာပဲ မြန်မာအစိုးရ ၊ စစ်တပ်တို့ အနေဖြင့် ဖက်ဒရယ်ဆိုသော စာလုံးကို တသွင်သွင် သုံးငြားသော်လည်း ဗဟိုချုပ်ကိုင်မှု လျှော့ထားတဲ့ တရုတ်နိုင်ငံတွင်းက ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသတွေမှာ ကျင့်သုံးတဲ့ စနစ်လောက်ပင် ရောက်အောင် ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ချင်တဲ့ လက္ခဏာ မတွေ့ရပါ။

“ အငြိမ်းစား တပ်မတော် ဗိုလ်ချုပ်တစ်ဦးကမူ တရုတ်ပြည်တွင် အမျိုးအမည်ပေါင်းစုံ လက်နက်ကိုင်တပ်ဖွဲ့တွေမရှိဘူး” လို့သာ မှတ်ချက်ပြုပါတယ်။ တနည်းအားဖြင့်တော့ ကွန်ဖြူးရှပ် အခြေခံ ငြိမ်းချမ်းရေး ချဉ်းကပ်ရေးမူဖြစ်တဲ့ သဘောထား ကြီးမှုတို့နဲ့လည်း ဝေးကွာတဲ့ အယူအဆပဲ ဖြစ်ပါတယ်။

ဖွံ့ဖြိုးရေးဟာ နိုင်ငံရေးဆိုတဲ့ အယူအဆကို တရုတ်ဘက်မှ ပညာရှင်တွေက တိမ်းညွှတ်ကြသော်လည်း လက်ရှိအချိန်အထိ မြောက်ပိုင်းပဋိပက္ခ ဖြေရှင်းရေးတွင် မရေရာမှုတွေ ပြည့်နှက်နေတာကိုမူ တရုတ်ဘက်မှ လေ့လာသူတွေက အတိအလင်း ဝန်ခံပါတယ်။

"လူမှု သဟဇာတ ဖြစ်ရေးကလည်း အရေးကြီးသလို လုံခြုံရေး နယ်စပ်တည်ငြိမ်ရေး ကိစ္စရပ်တွေကလည်း စိန်ခေါ်မှုတွေ ရှိ နေတာ ကျွန်တော်တို့ဘက်က ထည့်သွင်းစဉ်းစား အသိအမှတ် ပြုပါတယ်၊ ပြုဖို့လည်း လိုပါတယ်” လို့ ပါမောက္ခ မစ္စတာ ဟောင်ဂျင်းက မှတ်ချက်ပြုပါတယ်။

အကိုးအကား-
-  Jeffrey N. Wasserstrom, China in The 21st Century, What everyone needs to know.
-   China Approach to Mediation in Middle East ( Middle East Institute )

-  ၊ ပါမောက္ခ မစ္စတာဟောင်ဂျင်း ၊နိုင်ငံတကာနှင့် ဒေသဆိုင်ရာ လေ့လာရေးဌာန ဘာသာစကားနှင့်ယဉ်ကျေးမှုဆိုင်ရာ ဘေဂျင်း တက္ကသိုလ် ( ရန်ကုန်မှာ လုပ်ခဲ့တဲ့ မြန်မာ တရုတ်သုတေသီများ ဆွေးနွေးပွဲမှဆွေးနွေးချက် ) ၂၀၂၀ ဇန်နဝါရီ ၁၄

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly