၂၀၂၁ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ဇန်နဝါရီလသို့ ပြောင်းရွှေ့ကျင်းပမည်

၂၀၂၁ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ဇန်နဝါရီလသို့ ပြောင်းရွှေ့ကျင်းပမည်

လာမယ့် ၂၀၂၁ ခုနှစ်မှာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ဇန်နဝါရီလ ၉ ရက်နေ့ကနေ စတင် ကျင်းပပြုလုပ်သွားမယ်လို့ အိမ်ရှင် ကင်မရွန်းနိုင်ငံက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

အဆိုပါပြိုင်ပွဲကို ဇွန်နဲ့ ဇူလိုင်လမှာ ကျင်းပဖို့ စီစဉ်ရေးဆွဲထားပေမယ့် ရာသီဥတုပိုင်းက ပြင်းထန်ဆိုးရွားမှုတွေ ရှိတာကြောင့် အခုလို ဆောင်းရာသီကာလကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီလကို ပြောင်းလဲကျင်းပတာကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ဘောလုံးရာသီရဲ့ အရေးကြီးတဲ့အဆင့်မှာ ပထမအသင်း ကစားသမားတွေကို လက်လွှတ်ရဖွယ်ရှိနေပါတယ်။

အီဂျစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၉ ပြိုင်ပွဲဟာ နွေရာသီမှာ ပထမဆုံးကျင်းပတဲ့ ပြိုင်ပွဲဖြစ်ခဲ့ပါတယ်။

အဲမတိုင်ခင်က အာဖရိကနိုင်ငံများဖလားကို ဥရောပပြည်တွင်းဘောလုံးရာသီရဲ့ အရေးပါတဲ့အချိန်ဖြစ်တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတို့မှာ ကျင်းပခဲ့ပါတယ်။

ပြိုင်ပွဲကို ဇန်နဝါရီလကို ပြောင်းလဲသတ်မှတ်လိုက်တာဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ တရုတ်မှာ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့  ထိပ်တိုက်မတွေ့ပဲ ရှောင်ရှားနိုင်ခဲ့တာဖြစ်ပါတယ်။

ကင်မရွန်းဘောလုံးအဖွဲ့ချုပ် (Fecafoot) ဥက္ကဋ္ဌ အာမတ်အပါအဝင် အာဖရိကဘောလုံးအဖွဲ့ချုပ် (Caf) က ကိုယ်စားလှယ်တွေနဲ့ ဗုဒ္ဓဟူးနေ့က ဆွေးနွေးတွေ့ဆုံပြီးနောက် ကင်မရွန်းဘောလုံးအဖွဲ့ချုပ်က "၂၀၂၁ ခုနှစ်အတွက် အာဖရိက နိုင်ငံများဖလားပြိုင်ပွဲကို ကင်မရွန်းနိုင်ငံမှာ ဇန်နဝါရီ ၉ ရက်နေ့ကနေ ဖေဖော်ဝါရီလ (၆)ရက်နေ့အထိ ကျင်းပသွားမှာပါ။ အခုလို ရက်ပြောင်းလဲခဲ့ရတာက ရာသီဥတုအခြေအနေတွေနဲ့ ပတ်သက်ပြီး ကင်မရွန်းနိုင်ငံက တောင်းဆိုခဲ့တာကြောင့်ဖြစ်ပါတယ်။"လို့ တွစ်တာကနေ တစ်ဆင့်ဖော်ပြခဲ့ပါတယ်။

ကင်မရွန်းနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ပြိုင်ပွဲကို လက်ခံကျင်းပရမယ့် နိုင်ငံဖြစ်ပေမယ့် ၂၀၁၈ ခုနှစ်အတွင်းမှာ အခြေခံအဆောက်အဦ လိုအပ်ချက်တွေ ပြီးမြောက်ခြင်း မရှိသေးတာကြောင်း အီဂျစ်နိုင်ငံမှာ ပြောင်းရွှေ့ကျင်းပခဲ့တာဖြစ်ပြီး လာမယ့်နှစ်မှာ ကင်မရွန်းက အိမ်ရှင်အဖြစ် ပြန်လည်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly