သမ္မတ ပူတင်၏ အာဏာ ဆက်လက်စွဲကိုင်နိုင်မည့် ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်အရ ရုရှားအစိုးရတစ်ဖွဲ့လုံး နုတ်ထွက်

သမ္မတ ပူတင်၏ အာဏာ ဆက်လက်စွဲကိုင်နိုင်မည့် ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်အရ ရုရှားအစိုးရတစ်ဖွဲ့လုံး နုတ်ထွက်

ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်း၏ သမ္မတသက်တမ်း အလွန်မှာပင် အာဏာကို ဆယ်စုနှစ်ကြာ ဆက်လက်ဆုပ်ကိုင်နိုင်မည့် ပြုပြင်ပြောင်းလဲရေးများကို အဆိုပြုလာပြီးနောက်ပိုင်း ရုရှားအစိုးရအဖွဲ့တစ်ရပ်လုံး နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်က ဇန်နဝါရီ ၁၅ ရက်၌ ကြေညာချက် ထုတ်ပြန်သည်။

တာဝန်ထမ်းဆောင်ခဲ့ခြင်းများအတွက် အစိုးရအဖွဲ့ဝင်များကို ပူတင်က ကျေးဇူးတင်စကား ဆိုသော်လည်း အရာထင်လောက်အောင် မရှိခဲ့ကြောင်း ဖြည့်စွက်ပြောသည်။

ထိုပြင် မဝေးသည့် အချိန်တစ်ခုအတွင်း ကက်ဘိနက်အဖွဲ့ဝင်အသီးသီးနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သမ္မတ ပူတင်က ထပ်လောင်းပြောဆိုသည်။ ယခု အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ရာ၌ ဝန်ကြီးချုပ် မက်ဗီဒက်လည်း အပါအဝင် ဖြစ်သည်။

သမ္မတ၏ အာဏာကို အားပျော့စေပြီး ဝန်ကြီးချုပ်နှင့် လွှတ်တော်တို့၏ အာဏာကို အားကောင်းစေမည့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပူတင်က အဆိုပြုလာပြီးနောက် ယခုကဲ့သို့ အစိုးရတစ်ရပ်လုံး နုတ်ထွက်သည့် ကြေညာချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

သမ္မတထံမှ အာဏာကို ရယူခြင်းနှင့် လွှတ်တော်သို့ လွှဲပြောင်းစေခြင်းသည် အာဏာအရွေ့တစ်ရပ်၏ လက္ခဏာရပ်ဖြစ်နိုင်ကြောင်း ရုရှား၌ ရေရှည်သုံးသပ်ထင်ကြေးပေးလျက် ရှိနေသည်။

ပူတင်အနေဖြင့် ၂၀၂၄ ခုနှစ်၌ သမ္မတ သက်တမ်းကုန်ပြီးချိန်နောက်ပိုင်းမှာပင် အာဏာကို ဆက်လက်စွဲကိုင်ထားနိုင်ရေးအတွက် ဝန်ကြီးချုပ်ရာထူး ရယူရန်အပါအဝင် နိုင်ငံတော်အာဏာကို ဆုပ်ကိုင်ထားနိုင်မည့် လမ်းစဉ်များကို စဉ်းစားဖော်ဆောင်လျက် ရှိနေသည်ဟု ဝေဖန်သူများက ဆိုကြသည်။

ရှေ့ကဖြစ်စဉ်အရ သမ္မတသက်တမ်း နှစ်ကြိမ်ဆက်တိုက်ထက်ပိုကာ ထမ်းဆောင်ခြင်းကို တားမြစ်ထားသည့် ဖွဲ့စည်းပုံအား ရှောင်ရှားရန် ပူတင်သည် ၂၀၀၈ ခုနှစ်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ အုပ်ချုပ်ခဲ့သည်။

ပူတင် အဆိုပြုသော ပြုပြင်ပြောင်းလဲမှုများအတွက် လမ်းကြောင်းဖြောင့်ရန် အစိုးရတစ်ရပ်လုံး နုတ်ထွက်ပြီဖြစ်သည်ဟု ထုတ်ပြန်ချက်၌ မက်ဗီဒက်က အရိပ်ပြ ပြောဆိုထားသည်။
“သမ္မတ ပူတင်သည် ဖွဲ့စည်းပုံ အခြေခံမူဘောင်များ ပြုပြင်ပြောင်းလဲမှုများကို အကြမ်းဖျင်း အဆိုပြုလာကြောင်း၊ ဖွဲ့စည်းပုံပါ ပုဒ်မတော်တော်များများ ပြုပြင်ပြောင်းလဲရေးတင်မက အာဏာဟန်ချက်ညီရေးအတွက်ပါ အရေးကြီးသည့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ကြောင်း” ရုရှားနိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်ခဲ့သည့် ထုတ်ပြန်ချက်၌ မက်ဗီဒက်က ပြောဆိုထားသည်။

“ထင်သာမြင်သာ ရှိသည့် ယခု အရေးတွင် အစိုးရအနေဖြင့် ကျွန်တော်တို့နိုင်ငံ၏ သမ္မတကို ဆုံးဖြတ်ချက်အားလုံးကို အကောင်အထည်ဖော်နိုင်မည့် အခွင့်အလမ်း ပေးရမည်ဖြစ်သည်။ လက်ရှိ အခြေအနေများအရ ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် မှန်ကန်သည်ဟု ကျွန်တော် ခံယူသည်။ ဖွဲ့စည်းပုံ ပုဒ်မ ၁၁၇ အရ အစိုးရက နုတ်ထွက်ရမည်ဖြစ်သည်။”ဟု မက်ဗီဒက်က ထုတ်ပြန်ချက်၌ ဆိုထားသည်။

သမ္မတ ပူတင်၏ အဓိက အဆိုပြုချက်မှာလည်း အာဏာအား ရွေးကောက်ခံ ဝန်ကြီးချုပ်ထံနှင့် သမ္မတ၏ ကက်ဘိနက်မှ လွှတ်တော်သို့ လွှဲပြောင်းပေးရေးက အဓိက ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်ပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly