မြိတ်မြို့ မြေပေါ် လွန်းကျင်တွင် ဆိုက်ကပ် ရပ်နားထားသည့် စက်လှေပေါ်မှ ဒေါ်လာ သန်း ၃၀ နီးပါးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိ

မြိတ်မြို့ မြေပေါ် လွန်းကျင်တွင် ဆိုက်ကပ် ရပ်နားထားသည့် စက်လှေပေါ်မှ ဒေါ်လာ သန်း ၃၀ နီးပါးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိ

မြိတ်၊ ဇန်နဝါရီ ၁၅ ရက် ။        ။ မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာ အဏ္ဍဝါရပ်ကွက်ရှိ မြေပေါ် လွန်းကျင် တစ်ခုတွင် ဆိုက်ကပ် ရပ်နား ထားသည့် စက်လှေ တစ်စီးပေါ်မှ ဇန်နဝါရီလ ၁၄ ရက်နေ့က ကာလပေါက်စျေး ဒေါ်လာ သန်း ၃၀ နီးပါးရှိ မူးယစ်ဆေးဝါး အမြောက် အများကို ဖမ်းဆီး ရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သတင်းပေးတိုင်တန်းချက်အရ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင် (စရဖ) နှင့် မူးယစ် အထူးတပ်ဖွဲ့တို့က စက်လှေကို စစ်ဆေးရာ ၎င်းစက်လှေ ဦးခေါင်းပိုင်းနှင့် လှေဝမ်းဗိုက်အတွင်းမှ ကက်တမင်း (KETAMINE) ပုံဆောင်ခဲနှင့် အကြေမှုန့်များ၊ ICE ပုံဆောင်ခဲနှင့် အကြေမှုန့်များတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ စက်လှေပဲ့နင်းနှင့် လှေသားနှစ်ဦးကို ဖမ်းဆီးထားသည်။

ရဲမှတ်တမ်းများအရ သိမ်းဆည်းရမိ ပစ္စည်းများတွင် တရုတ်စာတမ်းနှင့် ကြယ်ငါးလုံးပါ ကက်တမင်း (KETAMINE) စုစုပေါင်း ၄၉၀ ကီလိုဂရမ်တွင် အဖြူရောင် ပုံဆောင်ခဲ ၄၈၃ ကီလိုဂရမ်ခန့်နှင့် အကြေမှုန့် အလေးချိန် ခုနှစ်ကီလိုဂရမ်ပါဝင်သည်။ ICE စုစုပေါင်း ၂၀၁ ကီလိုဂရမ်ခန့်တွင် အဖြူရောင် ပုံဆောင်ခဲ ၁၉၉ ကီလိုဂရမ်နှင့် အကြေမှုန့် နှစ်ကီလိုဂရမ်ခန့်ပါဝင်သည်။

အဆိုပါ မူးယစ်ဆေးဝါးများကို စရဖနှင့် မူးယစ် အထူးတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး၊ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းမှာ အထက်ပါ ဌာန ၂ ခုမှ မြိတ်မြို့နယ် ရဲစခန်းသို့ လာရောက် လွှဲပြောင်း ပေးအပ်ခဲ့သည်။

လက်ရှိမှာ မြိတ်မြို့နယ် ရဲစခန်းမှ ယင်း မူးယစ်ဆေးဝါး ဖမ်းဆီး ရရှိမှုနဲ့ ပတ်သက်ပြီး၊ လာရောက် အပ်နှံစဉ် ပစ္စတို သေနတ် (၁) လက်၊ ကျည် (၂) နဲ့ အခြား ဆက်စပ် ပစ္စည်းများ အပါဝင် မူးယစ်ဆေးဝါးများနှင့် တရာခံ (၃) ဦးကို ဖမ်းဆီး အရေးယူ ထားကြောင်း သိရ သည်။

အထက်ပါ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာမှုနဲ့ ပတ်သက်ပြီး၊ အချက်အလက် တချို့ကိုသာ မီဒီယာများကို ထုတ်ပြန်ပေးခဲ့ပြီး၊ အသေးစိတ်ကို ဖြေဆိုရန် မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ငြင်းဆိုထားသည်။

လက်ရှိမှာ စက်လှေပဲ့နင်း အပါဝင် သုံးဦးကို မြိတ်မြို့နယ် ရဲစခန်းမှ မယ (ပ)၈/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly