မန်းဝန်ကြီးချုပ် တိုင်းဒေသကြီး လွှတ်တော် တက်ရန် မသေချာ

မန်းဝန်ကြီးချုပ် တိုင်းဒေသကြီး လွှတ်တော် တက်ရန် မသေချာ
 ဓာတ်ပုံ - NYEIN CHAN NAING/EPA

မန္တလေး ဇန်နဝါရီ ၁၅၊၂၀၂၀ ။          ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးကုသမှုခံယူနေရသည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်မှုများရှိသော်လည်း ဇန်နဝါရီ ၂၈ရက် နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ရန် မသေချာဟု ခတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်ကပြောသည်။

" ဝန်ကြီးချုပ် ကျန်းမာရေးကောင်းပါတယ်၊ ဆရာဝန်ခွင့်ပြုချက်ရမှ လွှတ်တော်အစည်းအဝေးကိုတက်ရောက်နိုင်မှာဖြစ်ပါတယ် " ဟု၎င်းကပြောသည်။

လက်ရှိတွင် တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသည့် ကိစ္စရပ်များအတွက် ဝန်ကြီးချုပ်နှင့် ဝန်းကြီးများမှာ Video Call ဖြင့် အစည်းအဝေးများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ဒေါက်တာ ဇော်မြင့်မောင်သည် ကျန်းမာရေး မကောင်းသဖြင့် ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှု ခံယူခဲ့ရပြီး ဒီဇင်ဘာ ၃၁ရက်နေ့က ပြည်သူလူထုကြား ပြန်လည်ပေါ်ထွက်လာခဲ့ကာ ဇန်နဝါရီ ၂ ရက် ညပိုင်းက မန္တလေးဆေးရုံကြီးသို့ ရုတ်တရက် တက်ရောက်ခဲ့ရသည်။ ထို့နောက် ဇန်နဝါရီ ၃ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ပြီး မန္တလေးဆေးရုံကြီး၌ သုံးရက်ခန့် ဆေးကုသမှုခံယူပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိဆေးရုံသို့ ထပ်မံ၍ သွားရောက် ဆေးကုသမှုခံယူနေရခြင်း ဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါ ခံစားနေရ၍ ထိုင်းနိုင်ငံတွင် ဆေးကုသမှု သုံးကြိမ်ပြုလုပ်ထားပြီး ထပ်မံ၍ ဆေးကုသမှု နှစ်ကြိမ်ခံယူရန် ကျန်နေသေးသည့်အတွက် ယခုကဲ့သို့ သွားရောက်ဆေးကုသခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly