မြန်မာနိုင်ငံ၏ အကြီးဆုံး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ခမ်းနားစွာ ဖွင့်လှစ်မည်

မြန်မာနိုင်ငံ၏ အကြီးဆုံး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ခမ်းနားစွာ ဖွင့်လှစ်မည်

နေပြည်တော်၊ ဇန်နဝါရီ ၁၅၊၂၀၂၀ ။          ။ နေပြည်တော် သပြေကုန်းအဝိုင်းတွင် ထားရှိမည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ဖေဖေါ်ဝါရီ ၁၃က်နေ့တွင် နိုင်ငံတော်အဆင့် အကြီးအကဲများက ဖွင့်လှစ်ပေးမည်ဖြစ်ကာ ဖွင့်ပွဲကိုလည်း ခမ်းခမ်းနားနား ပြုလုပ်သွားရန် ရှိကြောင်း ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီထံက သိရသည်။

“ကျွန်တော်တို့ကတော့ နိုင်ငံတော် အကြီးအကဲတွေကို သမ္မတက စပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၊ ဝန်ကြီး ဌာနဆိုင်ရာ ဝန်ကြီးတွေ အကုန်လုံးက နေပြီးတော့ အောက်ခြေလူတန်းစားအထိ အကုန်လုံး ဖိတ်မှာပါ။ တက်ရောက်တာကတော့ နိုင်ငံတော်အကြီးအကဲတွေ သူတို့ ဘယ်သူ တက်ရောက်မယ်ဆိုတာတော့ ကျွန်တော်တို့ အတိအကျ မသိဘူး။ သို့သော်လည်း သူတို့ များသောအားဖြင့်ကတော့ တက်ရောက်ကြဖို့ ရှိပါတယ်” ဟု ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်ဆွေက မဇ္စျိမကို ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်တုသွန်းလောင်းမှုကို ရန်ကုန်မြို့တွင် လုပ်ဆောင်နေပြီး အချောသတ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကာ လာမည့် ဇန်နဝါရီ ၁၈ရက်နေ့တွင် နေပြည်တော်သို့ သယ်ဆောင်လာပြီး သပြေကုန်း အဝိုင်း အနီးတွင် သင့်တော်သလို ခေတ္တ ထားမည်ဟု သိရသည်။

လက်ရှိအချိန်ထိ မြန်မာတစ်နိုင်ငံလုံးရှိ ဗိုလ်ချုပ်ရုပ်တုများ၏ အမြင့်ဆုံးမှာ ၁၅ပေ အထိသာရှိပြီး ယခုရုပ်တုမှာ ၁၈ပေအမြင့်ရှိသည့်အတွက် မြန်မာနိုင်ငံအတွက် အမြင့်ဆုံးရုပ်တုဖြစ်လာမည် ဖြစ်သည်။

“ကျွန်တော်တို့အခုလက်ရှိအားလုံး ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲ ပြီးစီးတဲ့ထိ ဆိိုရင် ခန့်မှန်းချေ သိန်းပေါင်း သုံးထောင်ကျော် သုံးပါမယ် အဲ့ဒီရန်ပုံငွေကလည်း ကျွန်တေ်ာတို့မှာ လက်ရှိရှိပြီးသားဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးက ဗိုလ်ချုပ်ကို ချစ်မြတ်နိုးတဲ့ ပြည်သူတွေရဲ့ ထည့်ဝင်ငွေနဲ့ တည်ဆောက် သွားမှာ ဖြစ်ပါတယ်” ဟု ဦးမြင့်ဆွေက ပြောသည်။

ဖွင့်ပွဲ အခမ်းအနားကို အစီအစဉ် သုံးပိုင်းနှင့် ပြုလုပ်မည်ဟု အခမ်းအနား ကျင်းပရေး တာဝန်ရှိသူများထံက သိရသည်။ အစီအစဉ် ပထမပိုင်းကို ဖေဖေါ်ဝါရီ ၁၃ရက် မနက် ၇ နာရီတွင် နိုင်ငံ တော်အကြီးအကဲ တစ်ဦးက တက်ရောက် ဖွင့်လှစ်ပေးပြီး အစီအစဉ် ဒုတိယပိုင်းကို မနက် ၉နာရီကနေ ၁၁နာရီအထိ MICC 2 တွင် ဆက်လက်ကျင်းပမည် ဖြစ်သည်။ အစီအစဉ် တတိယပိုင်းကို ညနေပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမ၌ ဖျော်ဖြေရေး အစီအစဉ်များနှင့် ပြုလုပ်မည် ဖြစ်သည်။

အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲအစီအစဉ်နှင့် ပတ်သက်ပြီး နေပြည်တော် အတွင်းရှိ ကျောင်းများတွင် ဗိုလ်ချုပ်အောင်းဆန်းနှင့် ပတ်သက်သည့် ပန်းချီပြိုင်ပွဲ ၊အဆိုပြိုင်ပွဲ ၊ စာစီစာကုံးပြိုင်ပွဲ နှင့် မိန့်ခွန်းပြိုင်ပွဲများကို ကျင်းပပြုလုပ်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ မြို့တော် ဖြစ်သည့် နေပြည်တော်တွင် အမျိုးသားခေါင်းဆောင် ၊ လွပ်လပ်ရေး ဗိသုကာ နှင့် တပ်မတော် ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်း ရုပ်တု တည်ရှိရေး၊ ဗိုလ်ချုပ်အောင်ဆန်း၏ စွန့်လွှတ်စွန့်စား အနစ်နာခံမှုကို နောက်လူများ အောက်မေ့သတိရ တန်ဖိုးထားစေရေးနှင့် ဗိုလ်ချုပ်အောင်ဆန်း ရည်မှန်းသည့် ခွင့်တူညီမျှတဲ့ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုကြီး အမြန်ဆုံးပေါ်ထွန်း လာနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း အားထုတ်လာစေရန် ရည်ရွယ်ချက် သုံးခုဖြင့် ဗိုလ်ချုပ်ကြေးရုပ်တုကို တည်ဆောက်ခြင်း ဖြစ်သည်ဟု ဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူ များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly