ကယားပြည်နယ်အား သန့်ရှင်းသာယာသည့် စံပြခရီးသွားပြည်နယ်ဖြစ်လာအောင်လုပ်ဆောင်ရန် သမ္မတ ဦးဝင်းမြင့် တိုက်တွန်း

ကယားပြည်နယ်အား သန့်ရှင်းသာယာသည့် စံပြခရီးသွားပြည်နယ်ဖြစ်လာအောင်လုပ်ဆောင်ရန် သမ္မတ ဦးဝင်းမြင့် တိုက်တွန်း

ဇန်နဝါရီ ၁၅ ရက်။              ။ ကယားပြည်နယ်၏ မြို့တော်ဖြစ်သည့် လွိုင်ကော်မြို့သည် သန့်ရှင်းသော အာဆီယံခရီးသွားဆု ရရှိထားသည့်အတွက် ပြည်နယ်တစ်ခုလုံး သန့်ရှင်းသာယာသော စံပြခရီးသွားပြည်နယ် ဖြစ်လာ စေရေးအတွက် ကယားပြည်နယ် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပေးရန်  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပြောဆိုလိုက်သည်။

ယနေ့ ဇန်နဝါရီ ၁၅ ရက်နေ့မှ ကျရောက်သည့် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနား  ကြိုဆိုနှုတ်ခွန်းဆက် သဝဏ်လွှာတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က အထက်ပါအတိုင်း တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့်  တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးရည်မှန်း၍  ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာတွင် ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြည်သူ  (၅၀)ရာခိုင်နှုန်း သုံးစွဲနိုင်နေပြီဖြစ်ကြောင်း၊ ကယားပြည်နယ် အနေဖြင့် (၈၈.၇) ရာခိုင်နှုန်းကျော် လျှပ်စစ်မီး ရရှိသုံးစွဲနေပြီ ဖြစ်သဖြင့်  စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင်သင့်ဖြစ်နေပြီဟုလည်း  နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဒါ့အပြင် ကယားပြည်နယ်သည့် အရှေ့ဘက် ထိုင်းနိုင်ငံနယ်စပ်ဝင်ပေါက်မှတဆင့် ရင်းနှီးမြှုပ်နှံမှု ၊ ကုန်သွယ်မှု ၊ ကူးသန်းရောင်းဝယ်မှုနှင့် ခရီးသွားလာမှုများ ဝင်ရောက်လာနိုင်သည့် အလားအလာကောင်းများရှိနေကြောင်း လည်း သိရသည်။

ကယားပြည်နယ် လွိုင်ကော်မြို့သည်  ၂၀၂၀ခုနှစ် ၊ ဇန်နဝါရီလအတွင်း ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် ၂၀၂၀ အာဆီယံ ခရီးသွားလုပ်ငန်းဖိုရမ်  ( ATF ) တွင် ဒုတိယအကြိမ်မြောက် အာဆီယံ သန့်ရှင်းသော ခရီးသွားမြို့ တော် စံနှုန်းများဆိုင်ရာဆု ( ASEAN Clean Tourist City Standard Award ) ကို  ရရှိခဲ့သည်။

လွိုင်ကော်မြို့သည် ပြည်တွင်းခရီးသွားလုပ်ငန်းများ သာမက ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိသော မြို့အဖြစ် သတ်မှတ်ခံထားရသဖြင့် မြို့တွင်း အမှိုက်ကင်းစင်ပြီး သန့်ရှင်းသပ်ရပ်မှုကြောင့် ပြည်တွင်း ၌သာမက ပြည်ပတွင်လည်း အသိအမှတ်ပြုခံထားရသဖြင့် အာဆီယံ သန့်ရှင်းသော ခရီးသွားမြို့တော် စံနှုန်းများဆိုင်ရာဆုအတွက် ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်သည် သာယာလှပသော သဘာဝရေမြေတောတောင်များ ၊ မြစ်ချောင်းဆည်မြောင်းများ ၊ ရေတံခွန်များ ၊ သဘာဝလှိုဏ်ဂူများနှင့် ဒေသခံတိုင်းရင်းသားများ၏ ရိုးသားဖော်ရွေမှုကြောင့် ယခုအခါတွင်  ပြည် တွင်းပြည်ပ ခရီးသွားဧည့်သည်များအတွက် အပန်းဖြေလည်ပတ်သွားလာစရာ နေရာတစ်ခုအဖြစ် ပိုမိုလူသိများထင်ရှားလာပြီး သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများအတွက် အလားအလာကောင်းများ တည်ရှိနေသည်။

ဇန်နဝါရီ ၁၅ ရက်နေ့တွင် ကျရောက်သည့် (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို  လွိုင်ကော်မြို့၊ ကန္တာရဝတီပွဲတော်ကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly