ယူကရိန်းလေယာဉ် ဒုံးကျည်ပစ်ချခံရမှုနှင် ပတ်သက်ပြီး အီရန်က ဖမ်းဆီးမှုများ လုပ်ဆောင်

ယူကရိန်းလေယာဉ် ဒုံးကျည်ပစ်ချခံရမှုနှင် ပတ်သက်ပြီး အီရန်က ဖမ်းဆီးမှုများ လုပ်ဆောင်

ဇန်နဝါရီလ ၁၄ ရက်  ။               ။ပြီးခဲ့သည့် သီတင်းပတ်က တီဟီရန်တွင် ယူကရိန်းခရီးသည်တင်လေယာဉ်တစ်စင်းကို ဒုံးကျည်ပစ်ချမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း အီရန်နိုင်ငံက ဇန်နဝါရီ ၁၄ ရက်၌ ကြေညာသည်။

“အထူးတလည် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပြီး လူအချို့ကို ဖမ်းဆီးထားပါတယ်။”ဟု တရားရေးဌာန တာဝန်ရှိသူ အီစမေးလီက သတင်းစာ ရှင်းလင်းပွဲ၌ ပြောသော်လည်း အရေအတွက် အတိအကျကို ပြောဆိုခြင်း မရှိပေ။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်က တီဟီရန်မှ ကိဗ်မြို့သို့ ပျံသန်းသော ယင်းခရီးသည်တင်လေယာဉ် ပစ်ချခံရချိန်မှစကာ ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီဟု ပထမဆုံး ကြေညာလာခြင်းပဲ ဖြစ်သည်။

လေယာဉ်ပေါ် လိုက်ပါသူ ၁၇၆ ဦးစလုံး သေဆုံးသည့် ယင်းဖြစ်ရပ်တွင် အနောက်အုပ်စု အတည်ပြုပြောသကဲ့သို့ လေယာဉ်က ဒုံးကျည်ထိမှန်ပြီး ပျက်ကျခြင်း ဖြစ်သည်ဆိုခြင်းအား အီရန်နိုင်ငံက အစောပိုင်း၌ ငြင်းဆန်နေခဲ့ ပြီးနောက် ဇန်နဝါရီ ၁၁ ရက်ကျမှ ဒုံးကျည်ဖြင့် ပစ်ချခံရခြင်း ဖြစ်ကြောင်း ဝန်ခံလာခြင်းပဲ ဖြစ်သည်။

အီရန်တော်လှန်ရေးအစောင့်တပ် လေတပ်တပ်မှူး ဗိုလ်မှူးချုပ် အမ်မီရာလီက တာဝန်ခံမှု အပြည့်အဝ ယူသော်လည်း ပစ်ခတ်သည့် ဒုံးကျည်အော်ပရေတာသည် မှားယွင်းပစ်လွှတ်မိခြင်းသာ ဖြစ်သည်ဟု ပြောဆိုသည်။

“လေယာဉ်ပစ်ချခံရတဲ့ တစ်ဝိုက်မှာ စုံစမ်းစစ်ဆေးမှုတွေ တော်တော်များများ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ တရားရေးအဖွဲ့အနေနဲ့ နေ့မအား ညမအား ဆောင်ရွက်နေပါတယ်။”ဟု အီစမေးလီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly