ပါကစ္စတန်ထိန်းချုပ်ရာ ကက်ရှ်မီးယား၌ ဆီးနှင်းပြိုကျမှုကြောင့် လူ ၅၀ သေဆုံးကာ ၂၀ ပျောက်ဆုံးနေ

ပါကစ္စတန်ထိန်းချုပ်ရာ ကက်ရှ်မီးယား၌ ဆီးနှင်းပြိုကျမှုကြောင့် လူ ၅၀ သေဆုံးကာ ၂၀ ပျောက်ဆုံးနေ

ဇန်နဝါရီ ၁၅။            ။ ပါကစ္စတန်ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသရှိ ကျေးရွာအချို့၌ ဆီးနှင်းပြိုကျမှုများ ကြုံရပြီးနောက် အနည်းဆုံး လူ ၅၀ သေဆုံးကာ အခြား ၂၀ ဦး ပျောက်ဆုံးလျက်ရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

နိုင်ငံ၏ အခြားဒေသများတွင်လည်း ယခု ဆောင်းရာသီအတွင်း ဆီးနှင်းကျဆင်းမှု ထူထပ်ခြင်းကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးထားသည်။

ဆီးနှင်း ရက်အနည်းငယ် ကျဆင်းပြီးနောက်တွင် ဇန်နဝါရီ ၁၃ ရက် နေ့လယ်ပိုင်းက နဲလ်လမ်တောင်ကြားက ကျေးရွာများတွင် ဆီးနှင်းပြိုကျမှုများ ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ပြည်နယ်သဘာဝဘေးစီမံခန့်ခွဲရေးအာဏာပိုင် အဖွဲ့မှ အောက်ပရေးရှင်းဒါရိုက်တာ ရက်ရှ်မန်းကူရီရှီက ပြောသည်။

“ခုထိတော့ သေဆုံးသူ ၅၀ ရှိကြောင်း သိရတယ်။ ဆီးနှင်းပြိုကျမှုအတွင်းမှာ ပျောက်ဆုံးနေတဲ့ လူ ၂၀ အတွက်လည်း စိုးရိမ်နေရတယ်။”ဟု ၎င်းက ဆိုသည်။

အဆိုပါ ပျောက်ဆုံးနေသူများကို ရှာ‌ဖွေရေးအတွက် စစ်တပ်ပါ ပါဝင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ကူရီရှီက ပြောခဲ့သည်။

ပြည်နယ်အစိုးရက လက်ရှိအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် အရေးပေါ်အခြေအနေ ကြေညာထားသကဲ့သို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနကလည်း လာမည့်ရက်အနည်းငယ်အတွင်း မိုးရွာသွန်းကာ ဆီးနှင်း များ ဆက်လက်ကျဆင်းမည်ဟု ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly