လူ့အခွင့်အရေးကာကွယ်ပေးသည့်စနစ်ကို တရုတ်မှ ထိုးနှက်နေကြောင်း HRW ထုတ်ပြန်

လူ့အခွင့်အရေးကာကွယ်ပေးသည့်စနစ်ကို တရုတ်မှ ထိုးနှက်နေကြောင်း HRW ထုတ်ပြန်

နယူးယောက်၊ ဇန်နဝါရီ ၁၅  ။                    ။တရုတ်နိုင်ငံသည် ၎င်းတို့၏ စီးပွားရေးနှင့် သံတမန်အင်အားကို အသုံးပြုကာ လူ့အခွင့်အရေးကာကွယ်ပေးရေးပြုလုပ်နေသည့် ကမ္ဘာလုံးဆိုင်ရာစနစ်ကို အပြင်းထန်ဆုံးထိုးနှက်ရန် လုပ်ဆောင်နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဇန်နဝါရီ ၁၄ ရက်တွင် ပြောဆိုလိုက်သည်။

ဟောင်ကောင်တွင် နှစ်စဉ်အစီရင်ခံစာထုတ်ပြန်မည့် လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ အမှုဆောင်ဒါရိုက်တာ  Kenneth Roth အား ဟောင်ကောင်မှ ပြည်ဝင်ခွင့် တားမြစ်ခဲ့သည်။  ထို့သို့ ပြည်ဝင်ခွင့်ပိတ်ခံရပြီးနောက် ၂ ရက်အကြာ နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်၌ထုတ်ပြန်သည့် နှစ်စဉ်အစီရင်ခံစာ၌ ထိုစွပ်စွဲချက်အား ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။

လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့သည် ရှင်ကျန်းပြည်နယ်ရှိ ဝီဂါမွတ်စလင်များ ထိန်းသိမ်းခံရမှုအပါအဝင် တရုတ်နိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ ရက်ရက်စက်စက်ဖိနှိပ်ချုပ်ချယ်မှုများရှိကြောင်း သမ္မတရှီ၏ အစိုးရအား စွပ်စွဲရေးသားထားသည်။

လူ့အခွင့်အရေးကာကွယ်ရန် ၂၀ ရာစုအလယ်ကတည်းက ဖွဲ့စည်းတည်ထောင်ခဲ့သည့် နိုင်ငံတကာအဖွဲ့အစည်းများကို ဟန့်တားရန် တရုတ်သည် သိသိသာသာ အရှိန်မြင့်လုပ်ဆောင်နေကြောင်း HRW  အစီရင်ခံစာတွင် ရေးသားထားသည်။

HRW အမှုဆောင်ဒါရိုက်တာ Kennet Roth က “တရုတ်နိုင်ငံက ပြည်တွင်းဝေဖန်ရေးသမားတွေကိုလည်း ကာလရှည်ကြာ နှိပ်ကွပ်လာတာပါ၊ အခု အဲဒီလိုတားမြစ်မှုတွေကို ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေဆီကိုပါ ခြေဆန့်ဖို့ ကြိုးစားလာနေပါပြီ ” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly