လက်ဘနွန်တွင် ဗဟိုဘဏ်ကို ဝင်ဖောက်သည့်အထိ အစိုးရသစ် ဖွဲ့ပေးရေး ဆန္ဒပြပွဲများ ပြင်းထန်နေ

လက်ဘနွန်တွင် ဗဟိုဘဏ်ကို ဝင်ဖောက်သည့်အထိ အစိုးရသစ် ဖွဲ့ပေးရေး ဆန္ဒပြပွဲများ ပြင်းထန်နေ

ဘေရွတ်၊ ဇန်နဝါရီ ၁၅။              ။ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် အစိုးရတစ်ရပ် မဖွဲ့စည်းနိုင်မှုကို အဆုံးသတ်ပေးရန် ပြည်သူများက ဇန်နဝါရီ ၁၄ ရက်တွင် လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

ရာနဲ့ချီသောဆန္ဒပြသူများသည် အဓိကလမ်းမများကို ပိတ်ဆို့ထားခဲ့ပြီး  လက်ဘနွန်ဗဟိုဘဏ်ရှေ့တွင် ရဲများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြသည်။

ရဲများက မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲခဲ့သလို ဆန္ဒပြသူများကလည်း စင်္ကြံန်လမ်းများကို ဖျက်ဆီးကာ ရဲများကို အုတ်ကျိုးအုတ်ပဲ့များဖြင့် ပြန်လည်ပစ်ပေါက်ခြင်း၊  ဘဏ်အဆောက်အအုံ၏ မှန်နံရံများကို ရိုက်ခွဲခြင်းများ ပြုလုပ်ခဲ့ကြသည်။

လက်ဘနွန်တွင် အောက်တိုဘာ လလယ်ကတည်းက အစိုးရ၏ စီးပွားရေးစီမံကိန်းများကို ရှုတ်ချသည့်ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး နိုင်ငံ့စီးပွားရေးချွတ်ခြုံကျစေသည့် ဘဏ်များနှင့် အစိုးရအဖွဲ့များကိုပစ်မှတ်ထားကာ ဆန္ဒပြခဲ့ကြသည်။

စီးပွားရေးချွတ်ခြုံကျနေမှုကို အမြန်ဆုံးဖြေရှင်းပေးနိုင်သည့် အစိုးရတစ်ရပ်လိုချင်ကြောင်း ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

အကြွေးနစ်နေသည့် လက်ဘနွန်နိုင်ငံသည် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၉ က ဝန်ကြီးချုပ် ဆာဒ်ဟာရီရီ ရာထူးမှ နုတ်ထွက်သွားပြီးနောက်ပိုင်း အစိုးရလစ်လပ်နေခဲ့သည်။

ဒီဇင်ဘာ ၁၉ ရက် က ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ထားသည့် ဟာဆန်ဒီအာ့ဘ်ကလည်း ကက်ဘိနက် အစိုးရသစ်တစ်ရပ်မဖွဲ့စည်းနိုင်ဘဲဖြစ်နေပြီး ဆန္ဒပြသူများက ၎င်း၏အိမ်ဆီသို့ ချီတက်ဆန္ဒပြခဲ့ကြသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly