ထရမ့်အား အပြစ်ရှိကြောင်း စွဲချက်တင်ရေး ဆီးနိတ်၌ လာမည့်အပတ်တွင် စစ်ဆေးကြားနာမည်

ထရမ့်အား အပြစ်ရှိကြောင်း စွဲချက်တင်ရေး ဆီးနိတ်၌ လာမည့်အပတ်တွင် စစ်ဆေးကြားနာမည်

 

ဇန်နဝါရီ ၁၅။              ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား အပြစ်ရှိကြောင်း စွဲချက်တင်ရေး စစ်ဆေးကြားနာမှုကို လာမည်သီတင်းပတ်၌ စတင်ဆောင်ရွက်ရန် ရှိကြောင်း သိရသည်။

ထရမ့်အား အပြစ်ရှိကြောင်း စွဲဆိုရာ၌ အဓိကပါဝင်သူများက ယခု သီတင်းပတ်နောက်ပိုင်းတွင် ကျမ်းသစ္စာဆိုရရန်ရှိပြီး ဆီးနိတ်တွင် ရုံးတင်စစ်ဆေးကြားနာမှုကို လာမည့် ဇန်နဝါရီ ၂၁ ရက်၌ စတင်မည်ဖြစ်ကြောင်း အမှုတွင် အကြီးအကဲအဖြစ် တာဝန်ယူသည့် လွှတ်တော်အမတ် မစ်မတ်ကွန်နယ်က ဇန်နဝါရီ ၁၄ ရက်၌ ပြောသည်။

အောက်လွှတ်တော်အနေဖြင့် မဲခွဲအတည်ပြုထားသော ထရမ့်၌ အပြစ်ရှိသည်ဆိုသည့် စွဲချက်ကို ယနေ့ ဇန်နဝါရီ ၁၅ ရက်၌ အထက်လွှတ်တော်သို့ တင်သွင်းဖြစ်မည် ထင်ကြောင်း ၎င်းက ပြောသည်။

“ဒီအတိုင်း ဖြစ်မယ်ဆိုရင်တော့ တရားသူကြီးချုပ်အပါအဝင် အဓိကပုဂ္ဂိုလ်တွေက ဆီးနိတ်မှာ ကျမ်းဆိုကြပြီးနောက်မှာ သမ္မတ အပြစ်ရှိမရှိ စီရင်ဆုံးဖြတ်ဖို့အတွက် လာမယ့် သီတင်းပတ်မှာ စတင်ဖြစ်ပါလိမ့်မယ်။”ဟု မတ်ကွန်နယ်က ပြောခဲ့သည်။

သမ္မတထရမ့်၏ ရီပတ်ဘရီကန်ပါတီဝင်တစ်ဦးဖြစ်သည့် မတ်ကွန်နယ်က ထရမ့်အား အပြစ်စွဲဆို၍ မရအောင် ကြိုးစားတားဆီးလိမ့်မည်ဆိုသော ထင်မြင်ချက်များကိုလည်း ပယ်ချသည်။

“အဲဒီလိုမျိုး တားဆီးဖို့တာ စိုးစဉ်းမျှ မရှိဘူး။ ကျွန်တော်တို့အနေနဲ့ အငြင်းအခုံဆွေးနွေးမှုတွေကို နားထောင်ဖို့ ဝတ္တရား ရှိနေတာပဲ ဖြစ်တယ်။”ဟု ၎င်းက ပြောခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လွှတ်တော်အား ဟန့်တားနှောင့်ယှက်မှုနှင့် နိုင်ငံရေးအာဏာ အလွဲသုံးစားပြုမှုတို့ဖြင့် အောက်လွှတ်တော်က မဲခွဲအတည်ပြုကာ စွဲဆိုထားခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly