အောက်ခြေပညာရေးဝန်ထမ်းများကို ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ စာသင်ကာလတိုးမြှင့်သောကြောင့် ကန့်ကွက်လှုပ်ရှားမှုများပြုလုပ်

အောက်ခြေပညာရေးဝန်ထမ်းများကို ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ စာသင်ကာလတိုးမြှင့်သောကြောင့် ကန့်ကွက်လှုပ်ရှားမှုများပြုလုပ်

ဇန်နဝါရီ ၁၄ ရက် ။          ။ ပညာရေးဝန်ကြီးဌာနက အခြေခံပညာကျောင်း စာသင်ချိန် တစ်လတိုးလိုက်သည့်အပေါ်  မြန်မာနိုင်ငံတစ်ဝှမ်းမှ ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂများ၊ ပညာရေးကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက ဖဲကြိုးစိမ်းတပ်၍ ကန့်ကွက်မှုများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ အခြေခံပညာရေးတွင် စာသင်ကာလတိုးလိုက်သဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားနှင့် ကျောင်းသားမိဘများတွင် ကြုံရလာနိုင်သည့် အခက်အခဲများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ကြိုတင်ဆွေးနွေးမှုနှင့် ညှိနှိုင်းမှုများ မပြုလုပ်ခဲ့ဘဲ ဗဟိုချုပ်ကိုင်မှုနှင့် ဆောင်ရွက်ခဲ့သောကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း အခြေခံပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖြိုးဝေအောင်က ပြောသည်။

“လုပ်ချင်တိုင်းလုပ်ပြီးမှတော့ မင်းတို့ဆရာ၊ ဆရာမတွေ အသုံးမကျဘူး။ အလုပ်မလုပ်ဘူးလို့တော့ ကျွန်တော်တို့ကို လာမပြောပါနဲ့။ ကျွန်တော်တို့ အခြေခံပညာမှာ ပြောင်းလဲမှုတစ်ခုကိုလုပ်တိုင်းမှာ အခြေခံပညာမှာရှိနေတဲ့ ထဲထဲဝင်ဝင်လုပ်နေတဲ့သူတွေရဲ့ အသံကို နားထောင်ပေးပါ။ ဆရာအဖွဲ့အစည်းတွေရဲ့ အသံကိုနားထောင်ပေးပါ။ ဒီစနစ်ကို ဆက်အကောင်အထည်ဖော်ချင်ရင်လည်း နောင်ပညာသင်နှစ်မှာ ဆရာ၊ ဆရာမတွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးတော့ ဘယ်လို အခက်အခဲတွေဖြစ်နိုင်လဲ၊ ဘာတွေဖြည့်ဆည်းပေးဖို့လိုလဲ။ ဘယ်လိုပြုပြင်ပြောင်းလဲမှ အကောင်အထည်ဖော်နိုင်မလဲဆိုတာ သေချာလေ့လာပြီးမှ အကောင်အထည်ဖော်သင့်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ဦးဖြိုးဝေအောင်က ပြောသည်။

ဖဲကြိုးစိမ်းလှုပ်ရှားမှုဦးဆောင်ကော်မတီ၊ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီတို့ ပူးပေါင်းပြီး သတင်းစာရှင်းလင်းမှုတစ်ရပ်ကို ဇန်နဝါရီလ ၁၄ ရက်နေ့က ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂရုံးခန်းတွင်  ပြုလုပ်ပြီး ပြောခဲ့ခြင်း ဖြစ်သည်။

ဆရာ၊ ဆရာမများအနေဖြင့် မတ်လကုန်အထိ ပုံမှန်ကျောင်းတက်ရလေ့ရှိသော်လည်း ယခုနှစ်မှစ၍ ကျောင်းသားများအတွက် ကျောင်းတစ်လပိုတက်ရမည်ဖြစ်သောကြောင့် ကျောင်းသားများ၊ ကျောင်းသားမိဘများအတွက် အခက်အခဲများရှိနေပြီး ကျေးလက်ဒေသတွင် ပို၍အဆင်မပြေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဆရာ၊ ဆရာမများက ပြောသည်။

“ဆရာ၊ ဆရာမတွေ ကလေးထိန်းမှ မိဘတွေ စီးပွားရေးလုပ်နိုင်မယ်၊ နိုင်ငံစီးပွားတိုးမယ်ဆိုတာကတော့ ရယ်စရာလို့ပဲမြင်တယ်။ လေးတန်း ၊ ရှစ်တန်းစာမေးပွဲနဲ့ တက္ကသိုလ်ဝင်တန်းအစိုးရစစ်စာမေးပွဲ ကျင်းပတဲ့အချိန်လည်း ကျောင်းက ပိတ်ထားရမှာပဲ။ ကျောင်းပိတ်ထားရင် ဒီကလေးက မိဘဆီမှာ ရှိမှာပဲလေ။ အဲ့တော့ ဆရာ၊ ဆရာမတွေ ကလေးထိန်းတယ်ဆိုတော့ အဲ့ဒီအချိန် ကျောင်းဖွင့်ထားမှာလားပေါ့။ အဲ့ဒါဆိုရင်ရော ဝန်ကြီးဌာနအနေနဲ့ လုံလောက်တဲ့ စာဖြေဆောင်တွေ၊ ဆရာ၊ ဆရာမအင်အားတွေ ဖြည့်ဆည်းပေးပြီးပြီလားပေါ့” ဟု ဦးဖြိုးဝေအောင်က ပြောသည်။

အခြေခံပညာရေးတွင် စာသင်ချိန်တစ်လတိုးသည့်စနစ်ကို ပြောင်းလဲမည်ဟု ပညာရေးဝန်ကြီးဌာနမှ ယခုနှစ်အစပိုင်းတွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ကျောင်းဖွင့်ချိန်တိုးလိုက်သော်လည်း သင်ရိုးပြောင်းလဲမှု မရှိကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနောင်ထက်အောင်က ပြောသည်။

“သူတို့သင်ရိုးမှာ မလုံလောက်ဘူးထင်ရင် သင်ရိုးကို ၃၆ ပတ်ထက်ပိုမြှင့်လိုက်။ တရားဝင်မြှင့်ခွင့်ရှိတယ်။ အဲ့ဒီလိုမဟုတ်ဘဲ ၃၆ ပတ်သည် ပြန်လည်လေ့ကျင့်တာပါပြီးသား။ အချက်အလက်နဲ့ ပြောရမယ်ဆိုရင် လပိုင်း မာတိကာမရှိဘူး။ နှစ်စထဲက ဒီဆရာ၊ ဆရာမကို မတ်လထိသင်ရမယ်လို့ ညွှန်ကြားချက်မှာ ဘာတွေသင်ရမယ်ဆိုတာ မပေးဘူး။ လပိုင်းမာတိကာ မရှိတာ အဆိုးဆုံးပဲ” ဟု ကိုနောင်ထက်အောင်က ပြောသည်။

ပညာရေးဝန်ကြီးဌာနက ပြောင်းလဲလိုက်သော အဆိုပါစနစ်အပေါ် ပညာရေးဝန်ထမ်းများသာမက ကျောင်းသားမိဘများနှင့် အများပြည်သူ၏ သဘောထားများကို ကောက်ခံမည့် (၁၀)ရက်တာ လှုပ်ရှားမှုကိုလည်း ဇန်နဝါရီလ ၁၄ ရက်နေ့မှ ဇန်နဝါရီလ ၂၄ ရက်နေ့ အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အားလုံးပါဝင်သော ကန့်ကွက်မှုကို ပညာရေးဝန်ကြီးဌာနကို တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly