မြဝတီမြို့ အာရှလမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို မြန်မာ့အာမခံလုပ်ငန်းမှာ ကျပ်သိန်း ၉၆၀ ကျော် လျော်ကြေးပေးအပ်

မြဝတီမြို့ အာရှလမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို မြန်မာ့အာမခံလုပ်ငန်းမှာ ကျပ်သိန်း ၉၆၀ ကျော် လျော်ကြေးပေးအပ်
ဓာတ်ပုံ -ထွန်းထွန်းဝင်း

ဇန်နဝါရီလ ၁၄ ရက် ။                ။ ဇန်နဝါရီလ ၃ ရက်နေ့က  ဖြစ်ပွားခဲ့သည့် မြဝတီမြို့နယ် အာရှလမ်းမကြီး မိုင်တိုင်အမှတ်(၁၅၈) နှင့် (၁၅၉) ကြား တွင် Probox ယာဉ်တစ်စီးနှင့် ခရီးသည်တင်ယာဉ် မှန်လုံ Express ယာဉ်တစ်စီး တို့ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာတွင် သေဆုံးသူ ၁၂ ဦး နှင့် ဒဏ်ရာရရှိသူ ၃၃ ဦးကို မြန်မာအာမခံလုပ်ငန်းမှ စုစုပေါင်း လျော်ကြေးငွေ ကျပ်သိန်းကိုးရာခြောက်ဆယ့်ငါးသိန်းတစ်သောင်း ကျပ် လျော်ကြေးပေးအပ်ခဲ့သည်။

“ဒီဖြစ်စဉ်မှသေဆုံးသူ၊ဒဏ်ရာရရှိသူတွေရှိပါတယ်။ ၄၅ဦးမှာ သေဆုံးသူ ၁၂ဦးပါ။ ဒဏ်ရာရရှိသူ၃၃ဦး ရှိပါတယ်။ သေဆုံးသူတွေအတွက်လည်း ဝမ်းနည်းပါကြောင်း ပြောဆိုချင်ပါတယ် “ ဟု မြန်မာအာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာစန္ဒာဦး က ပြော သည်။

ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်သွားလုပ်ရန်အတွက် အလုပ်သမား ၄၅ ဦး တင်ဆောင်လာသည့် ခရီးသည်တင်ယာဉ် (Express)သည် တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၁၂ ဦး နှင့် ဒဏ်ရာရရှိသူ ၃၃ ဦးရှိခဲ့ပြီး အသက်မခံထားရှိထားသဖြင့်မြန်မာအာမခံလုပ်ငန်းအနေဖြင့် သေဆုံးသူ ၁၂ ဦးအတွက် တစ်ဦးလျှင်ကျပ်သိန်း ၆၀ စီနှင့်ထိခိုက်ဒဏ်ရာရရှိသူများအတွက် တစ်ဦးလျင် ၁၁သိန်းကျော် ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့လျော်ကြေးငွေပေးအပ်ရာတွင် မြဝတီမြို့တွင်  မြန်မာအာမခံလုပ်ငန်းအနေဖြင့် ဇန်နဝါရီလ ၁၀ ရက်နေ့ က ထိခိုက်ဒဏ်ရာရရှိသူ ၃၃ ဦးအနက် ၁၇ ဦးအတွက် လျော်ကြေးငွေ တစ်ရာနှစ်ဆယ့်ခုနှစ်သိန်းငါးသောင်း ကို ဦးစွာပေးအပ်ခဲ့သည်။

“ဝေါမှာကားတစ်ကြိမ်ပျက်တယ်။၃နာရီလောက်ပါ။ပြန်မောင်းလာပြီး ကော့ကရိတ်ရောက်တော့ ထမင်းစားနားတယ်။ နောက်ဆုံးသိတာက ကားကမကောင်းဘူး။ အဲနားရောက်တော့ သိလိုက်တာက ကားသမားက မရတော့ဘူးလို့ပြောလိုက်တယ်။ ကားကတုန်လာတယ်။ ဝေါ ဝေါ ဆိုပြီးထိုးဆင်းသွားတယ် “ ဟု ဇနီးဖြစ်သူ သေဆုံးခဲ့ပြီးအသက်ရှင်ကျန်ရစ်ခဲ့သူ ဦးမျိုးမင်းထိုက် က မဇ္စျိမသတင်းဌာနကိုပြောဆိုသည်။

အာမခံလျော်ကြေးပေးအပ်ရန် ကျန်ရှိသည့် သေဆုံးသူ ၁၂ ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၆ ဦးအတွက် အာမခံလျော်ကြေးငွေပေးအပ်ပွဲကို ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ ရှိမြန်မာအာမခံရုံးတွင် ပြုလုပ်ခဲ့ပြီး အသက်အာမခံလျော်ကြေးငွေ ကျပ်သိန်း ခြောက်ရာခုနှစ်ဆယ့်တစ်သိန်း နှင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် လျော်ကြေးငွေ ကျပ်တစ်ရာ့သုံးဆယ့်သုံးသိန်းနှစ်သောင်း ကို ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နှစ်သစ်ကူးကာလကလည်း အဆိုပါနေရာတွင် မှန်လုံယာဉ်တစ်စီးချောက်ထဲကျပြီး ထိုင်းသို့အလုပ်သွားလုပ်မည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၂ဦး သေဆုံးမှုဖြစ်ပွားခဲ့သေးသည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly