ရဲမှူးချုပ်နှင့် ရဲအရာရှိကြီးတချို့ကို တရားစွဲဆိုနိုင်ရန် လွတ်လပ်သောရှေ့နေများအသင်းက နိုင်ငံတော်သမ္မတထံ ခွင့်ပြုချက်တောင်းခံထား

ရဲမှူးချုပ်နှင့် ရဲအရာရှိကြီးတချို့ကို တရားစွဲဆိုနိုင်ရန် လွတ်လပ်သောရှေ့နေများအသင်းက နိုင်ငံတော်သမ္မတထံ ခွင့်ပြုချက်တောင်းခံထား

ရန်ကုန်၊ ဇန်နဝါရီ ၁၄။            ။ ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ်နှင့် ရဲအရာရှိတချို့ကို ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရန်ဟု ဆိုကာ မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း(ILAM)မှ သမ္မတထံခွင့်ပြုချက် တောင်းခံလိုက်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့အရာရှိ တချို့မှ ဗစ်တိုးရီးယားဟု အမည်ပေးထားသည့် ကလေးငယ်၏ ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ပြောဆို မျှဝေခဲ့သည့် ကိစ္စကြောင့် ယခုကဲ့သို့ တရားစွဲရန်ကြိုးပမ်းရခြင်းဖြစ်ကြောင်း သိရသည်။

“ဗစ်တိုးရီးယားအမှု အမှန်တရားပေါ်ပေါက်ရေးကော်မတီဆိုပြီး ဆရာထင်လင်းဦးတို့ ဖွဲ့ထားတာရှိပါတယ်။ အဲဒီအဖွဲ့ကို ကျွန် တော်တို့က ဥပဒေအကြံပေး လုပ်ပါတယ်။ ဆရာထင်လင်းဦးက ကလေးမိသားစုဆီကနေပြီး ကိုယ်စားလှယ်လွှဲစာ ရယူ ထားပြီးသား။ အဲ့အတွက် ဒီအမှုကိုစွဲတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း (ILAM) အထွေထွေအတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

စွပ်စွဲခံရသူများမှာ ရဲအရာရှိ (ပြည်သူ့ဝန်ထမ်း) ဖြစ်နေသည့်အတွက် နိုင်ငံတော်သမ္မတထံမှ ကြိုတင်ခွင့်ပြုချက်လိုအပ်သည့် အတွက် တရားမစွဲမီ ဥပဒေနှင့်အညီ ခွင့်ပြုချက်တောင်းခံခြင်းဖြစ်ေကြာင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိုးနိုင်ဦး၊ မှုခင်း ညွှန်ကြားရေးမှူး ရဲမှူးကြီး မင်းဟန်၊ မှုခင်းရဲတပ်ဖွဲ့ဌာနမှူး ရဲမှူးကြီးသာဒွန်းနှင့် ရဲဇာနည် (Page) တာဝန်ခံအား ၂၀၁၉ ခုနှစ် ကလေးငယ်အခွင့်အရေး များဆိုင်ရာဥပဒေအရ လည်းကောင်း၊ အခြားသင့်တော်ရာ ရာဇဝတ်ဥပဒေတစ်ရပ်ရပ်အရလည်းကောင်း တရားစွဲဆိုခွင့်ပြုရန် လျှောက်ထားကြောင်း နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

“လက်ရှိ သမ္မတကြီးရုံးကို စာပို့လို့ရှိရင် လက်ခံရရှိကြောင်း အကြောင်းပြန်မယ်။ အဲ့တော့ ကျွန်တော်ထင်တယ် တစ်လ၊ နှစ်လ အတွင်းတော့ အကြောင်းပြန်ကြားလိမ့်မယ်လို့ထင်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်း သန်းဦးကပြောသည်။

ထို့အပြင် ဂမ်ဘီယာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာနိုင်ငံအပေါ်စွဲချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေရှင်းချေပခဲ့ရာတွင် ဥပဒေချိုးဖောက်ပြစ်မှုကျုးလွန်သူများကို မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ဘဲ စုံစမ်းအရေးယူသွားမည်ဟု ပြောကြားခဲ့ကြောင်းလည်း သမ္မတဆီပေးပို့သည့်စာထဲတွင် ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံက ဥပဒေအထက်တွင် မည်သူမျှမရှိကြောင်း ထပ်လောင်းသက်သေပြရမည့်အချိန် ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း(ILAM)က ရေးသားထုတ်ပြန်ခဲ့သည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ၉၆(ဃ)တွင် မည်သူမျှ ပြစ်မှုကျူးလွန်ကြောင်း၊ စွပ်စွဲခံရသော ကလေးသူငယ် (သို့မဟုတ်)  မှုခင်းတွင် သက်သေအဖြစ်ပါဝင်သည့် ကလေးသူငယ်သည် မည်သူမည်ဝါဖြစ်ကြောင်း နှင့် မှုခင်းသတင်းအချက်အလက်ရယူခြင်း၊ ထည့်သွင်းခြင်းကြော်ငြာခြင်း၊ ကလေးသူငယ်ကိုဓာတ်ပုံရိုက်ခြင်း၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် စာအုပ်စာတမ်းများတွင် ထည့်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ အသုံးပြုခြင်း မပြုလုပ်ရန် နှင့် ရေဒီယို၊ ရုပ်မြင်သံကြားနှင့် လူမှုဆက်သွယ်ရေး နည်းလမ်းများဖြင့်လည်း ထုတ်လွှင့်ခြင်းမပြုရဟု ဖော်ပြထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly