ဇန်နဝါရီ ၁၄။ ။ အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့မှုဖြင့် ပထမဆုံး စွဲချက်တင်စစ်ဆေးခံရသည့် စင်ကာပူနိုင်ငံသားတစ်ဦးသည် ၎င်းသည် အီရတ်နှင့် ဆီးရီးယားရှိ အစ္စလာမ္မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့ကို ငွေကြေးပေးပို့ခဲ့ကြောင်း ဇန်နဝါရီ ၁၃ ရက်တွင် ဖြောင့်ချက်ပေးသည်။
ထောက်ပံ့ပို့ဆောင်ရေးကျွမ်းကျင်ဝန်ထမ်းဟောင်း အသက် ၃၆ နှစ်ရှိ အီမရန်ကာဆင်းသည် လွန်ခဲ့သော ခြောက်နှစ်က အိုင်အက်စ်အဖွဲ့ ဝါဒဖြန့်ချိနိုင်ရေးအတွက် ငွေလွှဲငွေပြောင်း ကုမ္ပဏီ Western Union တစ်ဆင့် တူရကီက မိုဟာမတ်အယ်ဆိုင်အက်ဒ်အယ်မီဒန်ဆီ အမေရိကန်ဒေါ်လာ ၄၅၀ လွှဲပြောင်းပေးပို့ခဲ့မှုဖြင့် စွဲချက်တင်ခံရခြင်း ဖြစ်သည်။
“ဒီလို ငွေလွှဲပေးပို့ခဲ့တာကို ကျွန်တော် ဝန်ခံပါတယ်။ အိုင်အက်စ်အဖွဲ့ အကျိုးအမြတ်အတွက် ခုလို ကျွန်တော် လုပ်ဆောင်ခဲ့တာပါ။”ဟု အီမရန်က ပြောသည်။
တရားဝင်ဝက်ဘ်ဆိုက်တစ်ခုအရ အမေရိကန်အစိုးရသည် မိုဟာမတ်အယ်ဆိုင်အက်ဒ်အယ်မီဒန်ကို အိုင်အက်စ်နှင့် ချိတ်ဆက်ပတ်သက်သူအဖြစ် စာရင်းသွင်းထားကြောင်း သိရသည်။
အကြမ်းဖက်ဝါဒအား ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအတွက် ၂၀၀၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော စင်ကာပူ၏ အကြမ်းဖက်ဝါဒ ငွေကြေးထောက်ပံ့မှု နှိမ်နင်းရေးအက်ဥပဒေအရ ပြစ်မှုကျူးလွန်သူ မည်သူတစ်ဦိးတစ်ယောက်မဆို ထောင်ဒဏ် ဆယ်နှစ်နှင့် ငွေဒဏ် ဒေါ်လာ ငါးသိန်း ချမှတ်ခံရနိုင်သည်။
အီမရန်ကာဆင်းကို ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းက ပြည်တွင်းလုံခြုံရေးအက်ဥပဒေဖြင့် ဖမ်းဆီးခဲ့ပြီး ပြည်ပတွင် လက်နက်ကိုင် အကြမ်းဖက်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ရှိမှုအတွက် ဖမ်းဆီးမိန့် ထုတ်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက ၎င်းသည် အကြမ်းဖက်ဝါဒငွေကြေးထောက်ပံ့မှုဖြင့် စွဲချက်တင်ခံရသော ပထမဆုံး စင်ကာပူနိုင်ငံသား ဖြစ်လာခဲ့သည်။