ဖိလစ်ပိုင်မီးတောင်ကြောင့် တပ်လှန့်သတိပေးချက် ထုတ်၊ လူ သုံးသောင်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း

ဖိလစ်ပိုင်မီးတောင်ကြောင့် တပ်လှန့်သတိပေးချက် ထုတ်၊ လူ သုံးသောင်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း

ဇန်နဝါရီ ၁၄ ရက်  ။                 ။ဖိလစ်ပိုင်နိုင်ငံက တာလ်မီးတောင်သည် တစ်ညလုံး ချော်ရည်နှင့် မီးခိုးပြာမှုန်များ မှုတ်ထုတ်လျက်ရှိရာ အာဏာပိုင်များက ဇန်နဝါရီ ၁၄ ရက်၌ သတိပေးချက်များ ဆက်လက်ထုတ်ထားဆဲ ဖြစ်ပြီး လူပေါင်း သုံးသောင်းကျော်ထက်မနည်းကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရသည်။

တာလ်မီးတောင်သည် ၂၄ နာရီကြာမျှ အတောမသတ် ပေါက်ကွဲနေပြီး မီတာ ၅၀၀ အမြင့်ထိ ချော်ရည်များ ပန်းထွက်နေကာ မီးခိုပြာမှုန်များလည်း ၂ ကီလိုမီတာအထိ မှုတ်ထုတ်လုပ်ရှိသည်ဟု ဖိလစ်ပိုင်ငလျင်ရေးရာဌာန၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ဌာနက မီးတောင်၏ အန္တရာယ်အဆင့် ငါးဆင့်တွင် အဆင့်လေးအထိ တိုးမြှင့်ထားပြီး မီးတောင်၏ လှုပ်ခါမှုကြောင့် ငလျင် ၂၁၂ ကြိမ်လှုပ်ပြီး ၈၁ ကြိမ်သည် တုန်ခါမှုကို သိသာစွာ ခံစားရသည်ဟု ဆိုသည်။ မီးတောင်မှ မှုတ်ထုတ်သည့် ပြာမှုန်များသည်လည်း အနီးဝန်းကျင်မြို့များတွင် ဖုံးလွှမ်းလျက် ရှိနေသည်။

ရေကန်ကြီးတစ်ကန်အတွင်း တည်ရှိသော ကမ္ဘာအသေးငယ်ဆုံး မီးတောင်ဖြစ်သည့် တာလ်မီးတောင်သည် ချော်ရည်များ ပန်းထွက်နေပြီး လုံးလုံးပေါက်ကွဲမှုက ဖြစ်အံ့ဆဲဆဲရှိကာ မီးတောင်ပေါက်ကွဲမှုမှ ဆူနာမီလည်း ဖြစ်ပေါ်နိုင်ခြေရှိသည်ဟု တပ်လှန့်သတိပေးချက်တွင် ဖော်ပြထားသည်။

မနီလာမြို့တော် မြောက်ဖက် ၆၀ ကီလိုမီတာခန့်တွင် ရှိသော အဆိုပါ တာလ်မီးတောင်သည် ဇန်နဝါရီ ၁၄ ရက်၌ တုန်ခါမှု မကြမ်းတမ်းတော့သော်လည်း စာသင်ကျောင်းများ ပိတ်ထားရသကဲ့သို့ မနီလာလေဆိပ်တွင် လေယာဉ်ပျံသန်းမှုအချို့လည်း ပယ်ဖျက်ထားရသည်။

ယင်းမီးတောင်သည် ၁၅၇၂ ခုနှစ်မှစတင်လျှင် အကြိမ်ပေါင်း ၃၃ ကြိမ်ပေါက်ကွဲထားပြီး ၁၉၁၁ ခုနှစ်က ပေါက်ကွဲမှုတွင် လူပေါင်း ၁၃၀၀ နီးပါးနှင့် ၁၉၆၅ ခုနှစ် ပေါက်ကွဲမှုတွင် လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly