အစိုးရ၏ ပင်စင်ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ပြီး မိုးမျှော်တိုက်ကို တွယ်တက်ပြသည့် ပြင်သစ်ပင့်ကူလူသား

အစိုးရ၏ ပင်စင်ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ပြီး မိုးမျှော်တိုက်ကို တွယ်တက်ပြသည့် ပြင်သစ်ပင့်ကူလူသား

ဇန်နဝါရီ ၁၄ ။         ။ ပြင်သစ်နိုင်ငံက ပင့်ကူလူသားဆိုပြီး နာမည်တွင်သည့် လူစွန့်စားတစ်ဦးသည် အစိုးရ စီစဉ်နေသည့် ပင်စင်ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး ရေရှည်ဖြစ်ပွားနေသော ဆန့်ကျင်ဆန္ဒပြမှုများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာခဲ့သည်။

အစိုးရ၏ ပင်စင်ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ပြီး ပင့်ကူလူသား အယ်လိန်းရော်ဘတ်က ပါရီမြို့ပြင်က မိုးမျှော်တိုက်ကြီးတစ်ခုပေါ် လက်ချည်းဗလာဖြင့် တွယ်တက်ပြီး ဆန္ဒပြခြင်းပဲ ဖြစ်သည်။

“လူတွေက သူတို့ရဲ့ ဘဝတွေကို နှစ် ၄၀ မနားတမ်း အလုပ်လုပ်ခဲ့ရတယ်။ ကိုယ် မကြိုက်မနှစ်သက်တဲ့ အလုပ်တောင်မှ လုပ်ကိုင်ခဲ့ရတာ ဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူတွေကို သင့်တင့်ကောင်းမွန်စွာ နေထိုင်နိုင်တဲ့ ဘဝမျိုး ရစေချင်တယ်။”ဟု ပင့်ကူလူသား အယ်လိန်းရော်ဘတ်က မိုးမျှော်တိုက်ပေါ် တွယ်မတက်မီ အေအက်ဖ်ပီသို့ ပြောခဲ့သည်။

အထင်ကရာ မိုးမျှော်တိုက်များကို ကြိုးမပါဘဲ လက်ချည်းသက်သက်ဖြင့် တစ်ခါတစ်ရံ ခွင့်ပြုချက် မရလည်း တွယ်တက်သည့် လူစွန့်စား အယ်လိန်းရောဘတ်သည် ယခု အစိုးရ၏ ပင်စင်ပြုပြင်ပြောင်းလဲရေးကို ဆန္ဒပြသမှုအနေဖြင့် ပေ ၆၁၄ ပေမြင့်သော မိုးမျှော်တိုက်ပေါ် ဇန်နဝါရီ ၁၃ ရက် နံနက် ဆယ်နာရီခွဲဝန်းကျင်တွင် စတင် တွယ်တက်ခြင်း ဖြစ်သည်။

မိုးမျှော်တိုက် မှန်နံရံကြီးမှ ဘောင်ကွပ်ထားသည့် သတ္တုချောင်းများကို ကုပ်ကပ်တွယ်ဖက်ရင်း အချိန် ၅၂ မိနစ်ထဲဖြင့် ထိပ်ဆုံးထိရောက်အောင် တက်ရောက်သွားခဲ့ခြင်း ဖြစ်သည်။

“အတော်လေး အေးနေတာဗျ။ လက်ချောင်းတွေ ကုပ်ထားမိတာကိုတောင် မခံစားမိတဲ့အထိပဲ။ နောက်ပြီး ကျွန်တော်ဟာလည်း အသက် မငယ်တော့ဘူးလေဗျာ။”ဟု အယ်လိန်းရော်ဘတ်က ပြောသည်။

“ကျွန်တော်က ခုဆို အသက် ၅၇ နှစ် ရှိပြီ၊ ဒါပေမယ့် အနားမယူသေးဘူး။ ခုလို မိုးမျှော်တိုက်တွေကို တွယ်တက်တာကပဲ ကျွန်တော်ရဲ့ ဝင်ငွေလမ်းကြောင်းလည်း ဖြစ်တယ်။”ဟု ၎င်းက ပြောခဲ့သည်။

ပြင်သစ်အစိုးရအနေဖြင့် ပင်စင်စနစ်ခွဲ အသီးသီးကို တစ်ခုတည်း စုစည်းပြီး သက်ပြည့်ပင်စင်ကိုလည်း အသက် ၆၂ နှစ်မှ ၆၄ နှစ်သို့ တိုးမြှင့်သတ်မှတ်ရန် စီစဉ်ခြင်းကြောင့် နိုင်ငံတစ်ဝန်း ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်လျက် ရှိခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly