အမေရိကန်တွင် စစ်သင်တန်းဆင်းနေသော ဆော်ဒီကျောင်းသား ၂၁ ယောက်အား နေရပ်ပြန်ပို့

အမေရိကန်တွင် စစ်သင်တန်းဆင်းနေသော ဆော်ဒီကျောင်းသား ၂၁ ယောက်အား နေရပ်ပြန်ပို့

ဝါရှင်တန်၊ ဇန်နဝါရီ ၁၄။              ။ ဒီဇင်ဘာလအစောပိုင်းက ပန်ဆာကိုလာရေတပ်စခန်း၌ ဆော်ဒီကျောင်းသားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ သုံးဦးသေဆုံးခဲ့မှုကိုအကြောင်းပြုပြီး စစ်သင်တန်းဆင်းနေသော ဆော်ဒီ ကျောင်းသား ၂၁ ယောက်အား နေရပ်သို့ပြန်ပို့မည်ဖြစ်ကြောင်း နိုင်ငံတော်ရှေ့နေချုပ် ဝီလျံဘားက ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်ကြေညာသည်။

စုံစမ်းစစ်ဆေးမှုအရ ဆော်ဒီကျောင်းသား ၂၁ ယောက်တွင် ဂျီဟတ်စစ်သွေးကြွနှင့်သက်ဆိုင်သည့် အထောက်အထားများ ၊ ကလေးညစ်ညမ်းပုံများ လက်ဝယ်ထားရှိကြောင်း၊ အချို့ကျောင်းသားများတွင်  ဂျီဟက်စစ်သွေး ကြွနှင့်ပတ်သက်သည့် လူမှုမီဒီယာအထောက်အထားများကိုလည်း တွေ့ရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်က ဆော်ဒီလေတပ်အရာရှိ အယ်လ်ရှန်ရာနီသည် စာသင်ခန်းအတွင်း Glock 9 mm ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းကိုလည်း အသေပစ်ခတ် ဖမ်းဆီးခဲ့သည်။  

ပစ်ခတ်မှုကျူးလွန်ခဲ့သူ၏ iPhone ကို စစ်ဆေးခဲ့ကြပြီး သက်သေအထောက်အထားများအရ ၎င်းသည် ဂျီဟတ်တို့၏ အတွေးအခေါ်များ လွှမ်းမိုးခံနေရကြောင်း ဝီလျံဘားက ပြောသည်။

ထိုပစ်ခတ်မှုဖြစ်ပြီးနောက် ဆော်ဒီရေတပ်နှင့်လေတပ်မှကျောင်းသားများအား စစ်သင်တန်းပေးမှုကို ပင်တဂွန်မှ ဆိုင်းငံ့ထားခဲ့ပြီး ယခုအခါ နေရပ်ပြန်ပို့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly