ပင်လယ်တွင်း ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၂၀၀ ခန့်ကို ရခိုင်ရှိ ဒုက္ခသည်စခန်းများသို့ ပို့

ပင်လယ်တွင်း ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ ၂၀၀ ခန့်ကို ရခိုင်ရှိ ဒုက္ခသည်စခန်းများသို့ ပို့

ဇန်နဝါရီ ၁၄။           ။ ပြီးခဲ့သည့်လအတွင်းက ပင်လယ်တွင်း ခရီးကီလိုမီတာ ရာပေါင်းများစွာ ရောက်ပြီးမှ မြန်မာရေတပ်၏ ဖမ်းဆီးခြင်းခံရသော ရိုဟင်ဂျာမွတ်စလင် ၂၀၀ နီးပါးကို ရခိုင်ပြည်နယ်သို့ ပို့ဆောင်ထားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၃ ရက်၌ ပြောသည်။

ရာသီဥတုအခြေအနေသည် လှိုင်းရေငြိမ်သက်သည့် ကာလဖြစ်၍ ရိုဟင်ဂျာမွတ်စလင်များအနေဖြင့် ၎င်းတို့၏ ဘဝကို လူကုန်ကူးသူများထံ အပ်နှံရင်း မလေးရှား သို့မဟုတ် အင်ဒိုနီးရှားသို့ စက်လှေဖြင့် ပင်လယ်ဖြတ်ကာ စွန့်စားထွက်ခွာမှုများ မြင့်မားလျက် ရှိသည်။

ထိုသို့ စွန့်စားထွက်ခွာသောလည်း မြန်မာနိုင်ငံ တောင်ဖက်အငူစွန်း ကော့သောင်းထိသာ ရောက်ရှိနိုင်ကြသည်။ ယခု ရခိုင်က ဒုက္ခသည်စခန်းဆီ ပို့ဆောင်ခဲ့သည့် ၁၇၃ ဦးပါ အုပ်စုကိုလည်း ကော့သောင်းကမ်းလွန်တွင် ဒီဇင်ဘာလလယ်ပိုင်းက ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁၃ ရက်က စစ်တွေဆိပ်ကမ်းတစ်နေရာတွင် သစ်သားလှေပေါ်မှ ဆင်းသက်လာသည့် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ် ၁၇ ဦးကို မြင်တွေ့ရသည်။ ၎င်းတို့အား သဲချောင်းဒုက္ခသည်စခန်းသို့ ပို့ဆောင်ပြီး ကျန် ၁၅၆ ဦးကို မြောက်ပိုင်းပိုကျသည့် မောင်တောမြို့နယ်က ငါးခူရဒုက္ခသည်စခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက ပြောသည်။

ငါးခူရသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဒုက္ခသည်များအတွက် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာ တစ်နေရာဖြစ်သည်။

“ကျွန်တော်အနေနဲ့ အခု သူတို့ကို ဘယ်လို အရေးယူဆောင်ရွက်မယ်၊ မဆောင်ရွက်ဘူးဆိုတာ မသိရပါဘူး။”ဟု ဗိုလ်မှူးကြီးမင်းသန်းက အေအက်ဖ်ပီသို့ ဖုန်းဖြင့်ပြောသည်။

၎င်းတို့အုပ်စုနှင့်ပတ်သက်ပြီး ရခိုင်အရေး ကြီးကြပ်ကွပ်ကဲနေသော အစိုးရဌာနတစ်ရပ်ဖြစ်သည့် UEHRD က စီစဉ်ဆုံးဖြတ်လိမ့်မည်ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ယခု ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများသည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် နှစ်ဖက်စလုံးမှ လာရောက်သူများဖြစ်ကြောင်း ဗိုလ်မှူးကြီး မင်းသန်းက ပြောပြီး ၎င်းတို့အနေဖြင့် စက်လှေတစ်စီးတည်းတွင် မည်သို့ ပေါင်းစုံမိကြသည်ကို သေချာရှင်းလင်းစွာ မသိရပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly