ကိုဂျင်မီ၏ အကျဉ်းထောင်ကျစဉ် ရေးစပ်သီဆိုခဲ့သော သီချင်းများပါဝင်သည့် “အအေးမိတဲ့နေ့”

ကိုဂျင်မီ၏ အကျဉ်းထောင်ကျစဉ် ရေးစပ်သီဆိုခဲ့သော သီချင်းများပါဝင်သည့် “အအေးမိတဲ့နေ့”

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ။         ။ ဖြတ်သန်းခဲ့ရသော နိုင်ငံရေးအတွေ့အကြုံများကို စာအုပ်ရေးသားထုတ်ဝေလေ့ရှိသည့် ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုဂျင်မီက ၎င်း၏ပထမဆုံးတေးစီးရီး “အအေးမိတဲ့နေ့”ကို ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စတင်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဂျင်မီက “ကျွန်တော်တို့ အကျဉ်းထောင်ထဲမှာ အနုပညာဆိုတာ လက်လုပ်ဂစ်တာလေးတွေ၊ ဝါးနဲ့ ပလက်စတစ်ပုံစံပန်းကန်နဲ့ ပုတီးပတ်ပြီး ထုခဲ့တဲ့ သီချင်းတွေက အခုဆိုရင် လက်ရာကောင်းတဲ့ Band နဲ့ MTV တွေ ဖြစ်လာပါပြီ။ အအေးမိတဲ့နေ့ဆိုတာ တကယ်တော့ လူဆိုတာ ကိုယ်ဒုက္ခရောက်ရင် ငါ့ထက် ဒုက္ခရောက်တဲ့သူ မရှိတော့ပါလားဆိုပြီး အတွေးနဲ့နေရင် နစ်သွားတတ်ပါတယ်။ ရောဂါဖြစ်သွားတတ်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ ငါကောင်းအောင်လုပ်လို့ရသေးတယ်။ ဒါလေးက ခေတ္တခဏ အအေးမိတာပါကွာ၊ ပါရာစီတမောနဲ့ ဘာမီတွန်သောက်လိုက်ရင် ပျောက်သွားမှာပါ။ အဲ့အတွေးဝင်တယ်ဆိုရင်တော့ အခက်အခဲတွေ ကျော်လွှားနိုင်မှာပါ။ ဒီနေ့ကြုံရတဲ့ အခက်အခဲတွေကို ရောဂါလို့ သဘောမထားဘဲ အအေးမိတယ်လို့ သဘောထားရင် အောင်မြင်စရာတွေ အများကြီးရှိပါတယ်” ဟု ပြောသည်။

“အအေးမိတဲ့နေ့”တေးစီးရီး မိတ်ဆက်ပွဲကို ဇန်နဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့၊ City Star ဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော်က အကျဉ်းထောင်ကျစဉ် ရေးစပ်သီဆိုခဲ့သော သီချင်းများနှင့် အလွမ်းအဆွေး၊ အချစ်သီချင်းစုစုပေါင်း ခြောက်ပုဒ်ကို ကိုဂျင်မီက ကိုယ်တိုင်ရေးစပ်သီဆိုထားခြင်း ဖြစ်သည်။

ကိုဂျင်မီက “ကျွန်တော်က ထောင်ထဲမှာ ကြာနေတာပေါ့ဗျာ။ တစ်ချို့သီချင်းတွေဆိုရင် ၁၉၉၄ လောက်တည်းက ဖန်တီးထားတာတွေ။ ဒီအအေးမိတဲ့နေ့ဆိုတာ။ ဒီသီချင်းတွေရဲ့ သက်တမ်းက နှစ်နှစ်ဆယ်လောက်ကြာနေပြီ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဖန်တီးမှုက ကျွန်တော် စိတ်သန့်တယ်ပေါ့နော်။ ပြီးတော့ ဒီဟာတွေအကုန်လုံးက အဆိပ်အတောက်လုံးဝမဖြစ်စေဘဲ ခွန်အားရှိစေတဲ့ဟာမျိုးဖြစ်စေရမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

၁၉၈၈ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ၁၆ နှစ်တာကာလကို အကျဉ်းထောင်ထဲတွင် ဖြတ်သန်းခဲ့ရပြီး ၂၀၀၇ ခုနှစ်တွင် ထပ်မံထောင်ကျခဲ့သော ကိုဂျင်မီသည် စီးပွားရေးပညာရှင် (သို့) အနုပညာရှင်တစ်ဦးဖြစ်ရန် ငယ်ဘဝအိပ်မက်မက်ခဲ့သူတစ်ဦး ဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က “အိပ်မက်တွေက တကယ်ဖြစ်လာတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာ မခံစားနိုင်လောက်အောင် ခံစားရတယ်။ အခုလည်း ဒါပါပဲ။ ကျွန်တော်ကတော့ စာနာမှုအပြည့်ရှိတယ်။ သူလုပ်ချင်ခဲ့တာ ကြာပြီဗျာ။ ဒါပေမယ့် တစ်ခါလောက် ကျွန်တော်တို့ စီးရီးတွေ ထုတ်မယ်လုပ်လိုက်၊ ကျွန်တော်တို့ သီချင်းတွေကို စင်တင်ပြီး ပြမယ်လုပ်လိုက် တိုင်းပြည်က အကြောင်းကိစ္စတစ်မျိုးပေါ်လာလိုက် မသင့်သေးပါဘူးထင်ပါတယ်ဆိုပြီးပြောင်းလိုက်နဲ့ ဘယ်လောက်ရွှေ့ခဲ့လဲဆိုတော့ ၂၀၁၂ တည်းက ခုထိ ၈ နှစ်လောက်ကြာသွားပြီ” ဟု ပြောသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ကိုဂျင်မီ၏ တေးစီးရီးမိတ်ဆက်ပွဲတွင် အနုပညာရှင်အတတ်ပညာရှင်များအပြင် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးအင်းအားစုများလည်း အများအပြားတက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly