ပလက်ဝဒေသခံ ၁၃၀ကို ဖမ်းဆီးထားခြင်းမရှိကြောင်းAA ငြင်းဆို

ပလက်ဝဒေသခံ ၁၃၀ကို ဖမ်းဆီးထားခြင်းမရှိကြောင်းAA ငြင်းဆို
ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

ဇန်နဝါရီလ ၁၃ရက် ။         ။ ချင်းပြည်နယ် ပလက်ဝမြို့နယ် ကျီးလေကျေးရွာသား၁၃၀ကို ဖမ်းဆီးထားခြင်းမရှိကြောင်း ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) ရဲ့ ပြောခွင့်ရသူခိုင်သုခက ငြင်းဆိုလိုက်သည်။

ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) မှ ညှိနှိုင်းရေးမှူး ဦးစောမြနှင့် ချင်းပြည်နယ်အစိုးရ ဝန်ကြီးဟောင်းတစ်ဦးဖြစ်သူဆလိုင်းအိုက်ဇက်ခင်တို့ကအစောပိုင်းကပြောသော ကျီးလေကျေးရွာသား များအဖမ်းခံရသည်ဆိုခြင်းအပါအဝင် အခြားကိစ္စများနှင့်ပတ်သက်၍ ခိုင်သုခကတုံ့ပြန်လိုက်ခြင်းဖြစ်သည်။

“သူတို့တွေပြောသလို ကျွန်တော်တို့ဘက်ကဖမ်းဆီးတာလုံးဝမရှိဘူး။ကျီးလေရွာကိုစုံစမ်းစစ်ဆေးမှုတွေ သွားလုပ်တယ်။ စုံးစမ်းစစ်ဆေးမှုတွေ သွားလုပ်တဲ့အခါမှာသူတို့ပြောတဲ့ လူ၁၃၀ ကိုဖမ်းဆီးခေါ်ဆောင်သွားတာမရှိဘူး။ နောက်ပြီးတော့ အမျိုးသမီးငယ်တစ်ဦးကိုလိင်မှုဆိုင်ရာမတော်မတရားလုပ်ဖို့ကြိုးစားတယ်ဆိုတာကိုလည်းစစ်ဆေးပေါ်ပေါက်တာမရှိဘူး။ အဲဒီအမျိုးသမီးကိုလည်းကျေးရွာလူကြီးတွေရှေ့ မှာစုံစမ်းစစ် ဆေးမှုတွေလုပ်တယ်။ စုံစမ်းစစ်ဆေးမှုတွေလုပ်တဲ့အခါမှာပေါ်ပေါက်မှုမရှိဘူး။ ကျောင်းဆရာကိုလည်းသတ်တဲ့ဖြစ်စဉ်မှာလည်းလုံးဝပတ်သက်မှုမရှိပါဘူး”ဟုမဇ္ဈိမသို့ပြောသည်။

ကျီးလေရွာတွင် အစိုးရတပ်အတွက် သတင်းပေးများရှိနေခြင်းကြောင့် စစ်ဆေးမှုများသွားရောက်လုပ်ဆောင်နေချိန်တွင် သတင်းပေးဟုစွပ်စွဲခံရသူများကထွက်ပြေးသွားသည့်အတွက် သူတို့၏သမီးနှစ်ဦးကိုရွာသားများရှေ့ တွင် ခေါ်ယူထိန်းသိမ်းထားခြင်း ဖြစ်ကြောင်းခိုင်သုခကပြောသည်။

သို့ရာတွင် စုံစမ်းစစ်ဆေးမှုများဆောင်ရွက်သည့်ရခိုင်လက်နက်ကိုင်တပ်ဖွဲ့(AA)တပ်သားများအနေဖြင့် ကြမ်းတမ်းစွာပြောဆိုဆက်ဆံမှုများရှိခဲ့သည်ဟု ဝန်ခံပြောဆိုလိုက်သည်။  အဆိုပါကိစ္စရပ်များထပ်မံမဖြစ်ပွားစေရန် စစ်ကြောင်းမှူးများကိုစစ်စည်းကမ်းအရအရေးယူဆောင်ရွက်မှု လုပ်ဆောင်ပြီးပြီဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

AA တပ်ဖွဲ့ဝင်များသည် “ လက်နက်ဖြင့် ခြိမ်းခြောက်ကာအဓမ္မသိမ်းပိုက်ရန် ကြိုးစားလာသဖြင့် ကျေးရွာလူကြီးမိဘများကကန့်ကွက်တားဆီးသည်ကို အကြောင်းပြုကာကျေးရွာရှိတာဝန်ရှိလူကြီးများအားကိုယ် ထိလက် ရောက်ရိုက်နှက်ခြင်း၊ လူငယ်များအားကျေးရွာရှေ့ကုလားတန်မြစ်နံဘေးတွင် နေပူထဲ ချုပ်နှောင်ထားခြင်း” ပြုလုပ်သည်ဟုခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ KACC ၏ ဇန်နဝါရီလ ၁၀ ရက်နေ့ ကထုတ်ပြန်သောကြေညာချက်တွင် ပါရှိခဲ့သည့်AA က ဖမ်းဆီးသွားခဲ့သောကျောင်းဆရာဦးအာဗေလနှင့် ရွာသားနှစ်ဦးသေဆုံးသည်ဟုလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

တပ်မတော် သတင်းအမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“  ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့နေရာမှာလူနည်းစုတိုင်းရင်းသားတွေကို  နှိပ်စက်ခြင်း ကျူးလွန်တာတွေကစစ်ရာဇဝတ်မှုကို ကျူးလွန်တာအပြင် ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်”ဟုမဇ္ဈိမသို့ပြောသည်။

အစောပိုင်းက AA က ဖမ်းဆီးခဲ့သူများထဲတွင် ပလက်ဝမြို့နယ် အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းပါသည်။

ထို့နောက် ပလက်ဝမြို့နယ်အုပ်ချုပ်ရေးရုံးက မြို့နယ်အတွင်းလူငါးဦးထက် မစုဝေးရန်နှင့် နေအိမ်အတွင်း ည ၆ နာရီမှ မနက် ၆ နာရီအထိနေရသည့် တားမြစ်ချက်ဖြစ်သည့် ပုဒ်မ ၁၄၄ ကို နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ ထုတ်ပြန် ခဲ့ရာမကြာသေးခင်ကနောက်ထပ်သက်တမ်း နှစ်လထပ်တိုးခဲ့သည်။ထို့အပြင် ပွီပုန်းကျေးရွာမှ ပညာရေးဝန်ထမ်းဦးတောင်ပိုင်လည်းအဖမ်းခံထားရသည်ဟု KACC က ပြောထားသည်။

ချင်းတိုင်းရင်းသားများစီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးဆုံးရှုံးမှုများရင်ဆိုင်နေရခြင်းကြောင့် ပလက်ဝမြို့နယ်ရှိ AA အခြေစိုက်စခန်းများဖယ်ရှားရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ချင်းတိုင်းရင်းသားများပါ တီကမကြာသေးခင်ကတိုက်တွန်းထားသည်။

AA နှင့် တပ်မတော်တို့တိုက်ပွဲထူပြောရာနေရာတစ်ခုဖြစ်သည့် ချင်းပြည်နယ် တောင်ဘက်အစွန်တွင်ရှိသောပလက်ဝတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရလူဦးရေခြောက်သောင်းငါးထောင်ကျော် နေထိုင်လျက်ရှိပြီးအများ စုမှာခူမီးချင်းလူမျိုးများဖြစ်ကြသည်။ပလက်ဝသည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly