ONE: A New Tomorrow မှ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး အခိုက်အတန့် ၅ ခု

ONE: A New Tomorrow မှ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး အခိုက်အတန့် ၅ ခု

၂ဝ၂ဝ ခုနှစ်၏ ပထမဆုံး ONE Championship ပြိုင်ပွဲဖြစ်သော ONE: A New Tomorrow ကို ဇန်နဝါရီ ၁ဝ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့တွင် ကျင်းပပြုလုပ် ခဲ့သည်။ တွဲဆိုင်း ၁၂ ခုမှ ကစားသမား ၂၄ ယောက် တို့သည် ယင်းပြိုင်ပွဲတွင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ကမ္ဘာ့အဆင့် လက်စွမ်းများကို ပြသနိုင်ခဲ့ကြသည်။ ယင်းပြိုင်ပွဲကြီးမှ ပရိသတ်များ အတွက် စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး အခိုက်အတန့် အချို့ကို စုစည်းဖော်ပြ လိုက်ရပါသည်။

၁။ Rodtang ၏ သံမဏိလက်သီးချက်များ

အဓိက ခေါင်ပွဲအဖြစ် ကစားခဲ့သည့် ONE ဖလိုင်းဝိတ်တန်း မွေထိုင်း ချန်ပီယံ Rodtang “The Iron Man” Jitmuangnon နှင့် စိန်ခေါ်သူ Jonathan “The General” Haggerty တို့၏ ပွဲတွင် Haggerty ၏ ခန္ဓာကိုယ်ကို Rodtang ၏ သံမဏိ လက်သီးချက်များက ပွဲစပွဲဆုံး မနားတမ်း ထိုးကြိတ်ခဲ့ခြင်းသည် ပရိသတ်များကို စိတ်လှုပ်ရှား စေခဲ့ဆုံး အခိုက်အတန့်ပင် ဖြစ်သည်။ အိမ်ရှင် ပရိသတ် ရှေ့မှောက်တွင် ယှဉ်ပြိုင်ခွင့် ရခဲ့သည့် Rodtang သည် ၎င်း၏ ပရိသတ်များကို စိတ်မပျက် စေခဲ့ဘဲ ပြိုင်ဘက်ကို ၃ ချီအတွင်း ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူပြီး ၎င်း၏ ချန်ပီယံ ခါးပတ်ကို ကာကွယ်ခဲ့ခြင်း ဖြစ်သည်။

ပွဲမတိုင်ခင် ကတည်းက Rodtang သည် ယင်းပွဲကို အဆုံးအထိ မသွားဘဲ ပွဲချိန် တစ်ဝက်ခန့်နှင့် အပြတ် ဖြတ်နိုင်ရန် မျှော်မှန်းထားသည်ဟု ဆိုခဲ့ပြီး ၎င်း၏ စကားနှင့် ကိုက်ညီအောင် စွမ်းဆောင်ပြ နိုင်ခဲ့သည်။ ချန်ပီယံဟောင်း Haggerty အတွက်တော့ ပြိုင်ဘက်၏ ထိုးနှက်မှု အောက်တွင် ကြမ်းပြင်ပေါ် အကြိမ်ကြိမ် လဲကျခဲ့ရသဖြင့် စိတ်ပျက်ဖွယ်ရာ ပွဲတစ်ပွဲ ဖြစ်ခဲ့သည်။ အသက် ၂၂ နှစ် အရွယ် ချန်ပီယံ Rodtang သည် တတိယ အချီတွင် Haggerty ကို ၃ ကြိမ် တိုင်တိုင် လဲကျအောင် ထိုးနှက်နိုင်ခဲ့ သဖြင့် ဒိုင်ပွဲရပ် အနိုင် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

၂။ Stamp ၏ ချုပ်ကွက်နှင့် တိုက်ခိုက်မှု

အားကစားနည်း ၃ ခု ကမ္ဘာ့ချန်ပီယံ ဖြစ်ရန် မျှော်မှန်းနေသည့် ONE အက်တမ်ဝိတ်တန်း မွေထိုင်းနှင့် Kickboxing ချန်ပီယံ Stamp Fairtex က ပြိုင်ဘက် Puja “The Cyclone” Tomar ကို မြေပြင်ချုပ်ကွက်ဖြင့် အမိအရ ချုပ်ကာ အပေါ်စီးမှ ထိုးနှက်နေသည့် အခိုက်အတန့် သည်လည်း ပရိသတ်များ စိတ်လှုပ်ရှား ခဲ့ရသည့် အခိုက်အတန့် တစ်ခု ဖြစ်သည်။ ပွဲစကတည်းက Tomar ကို ကြိုးဝိုင်းထောင့် ကပ်ကာ အလဲထိုးရန် ကြိုးပမ်းခဲ့သည့် Stamp သည် ပြိုင်ဘက်၏ တန်ပြန် ခြေကန်ချက် များကြောင့် ထင်တိုင်းမပေါက် ဖြစ်ခဲ့ရသည်။


သို့သော် Tomar က မြေပြင် ကစားပွဲကို ရွေးချယ်လိုက်ချိန်မှ စ၍ Stamp စိတ်တိုင်းကျ ကစားခွင့် ရသည့် ပွဲတစ်ပွဲ ဖြစ်သွားခဲ့သည်။ မတ်တပ်ရပ် တိုက်ခိုက်ရသော မွေထိုင်းနှင့် Kickboxing အားကစားတို့တွင် ချန်ပီယံ ဖြစ်ထားသူ Stamp ကို Tomar က မြေပြင် ကစားပွဲတွင် အသာစီး ရလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း တကယ်တမ်းတွင် Stamp ၏ ချုပ်ကွက် အမျိုးမျိုးကိုသာ အသည်းအသန် ခုခံနေ ခဲ့ရသည်။ ပထမအချီ ပြီးခါနီး တစ်မိနစ် ခန့်သာ လိုတော့သည့် အချိန်တွင်တော့ Stamp က Puja ကို အပေါ်စီးမှ ချုပ်မိသွားပြီး စိတ်ကြိုက် ထိုးနှက်နေခဲ့သဖြင့် နောက်ဆုံးတွင် ဒိုင်က ပွဲကိုရပ်တန့်ကာ Stamp ကို အနိုင်ပေးခဲ့သည်။

၃။ Sangmanee ၏ အားပြင်းသော ခြေကန်ချက်များ

အိမ်ရှင် ကစားသမား တစ်ဦးဖြစ်သည့် Sangmanee “The Million Dollar Baby” Sathian MuayThai ကလည်း ပြိုင်ဘက်ဖြစ်သူ Kenta Yamada ကို ၎င်း၏ အမှတ်အသား တစ်ခုကဲ့သို့ ဖြစ်နေသည့် အားပြင်းသော ခြေကန်ချက် များဖြင့် အနိုင်ယူ ခဲ့သည့် အခိုက်အတန့်ကလည်း ပရိသတ်များကို စိတ်လှုပ်ရှား စေခဲ့သည်။ ONE Super Series ပွဲတစ်ပွဲ အဖြစ် ကစားခဲ့သည့် အဆိုပါ ဘင်တန်ဝိတ်တန်း မွေထိုင်းပွဲသည် ပရိသတ်များ မျှော်လင့်ထားသည့် အတိုင်း အကြိတ်အနယ် ရှိသည့် ပွဲတစ်ပွဲ ဖြစ်ခဲ့သည်။

ဝါရင့် ကစားသမားကြီး Yamada သည် ပြိုင်ဘက် လူငယ်ကစားသမား Sangmanee ကို ထိန်းကစားနိုင်ရန် မျှော်လင့်ခဲ့သော်လည်း ပေါက်ကွဲအား ပြင်းထန်သည့် တိုက်စစ်ကို ခက်ခက်ခဲခဲ ခုခံကစားခဲ့ ရသည်။ အထူးသဖြင့် Yamada ၏ ခန္ဓာကိုယ် အလယ်ပိုင်းကို မနားတမ်း ဝင်လာသည့် Sangmanee ၏ ခြေကန်ချက် များက ထိန်းချုပ်ရန် ခက်ခဲပြီး အထိအနာဆုံး ထိုးနှက်ချက် များလည်း ဖြစ်ခဲ့သည်။ ဒုတိယ အချီတွင် Sangmanee ၏ တံတောင်ရိုက်ချက်ကြောင့် Yamada ၏ ဘယ်ဘက် မျက်ခွံ ကွဲသွားသဖြင့် ဆရာဝန်နှင့် စစ်ဆေးမှု ခံယူခဲ့ရသည်။ သို့သော် အသည်းကောင်းသည့် Yamada က ပွဲကို ဆက်ကစားရန် ရွေးချယ်ခဲ့ပြီ ၎င်းထက် ဆယ်နှစ်ငယ်သည့် ပြိုင်ဘက်ကို ၃ ချီလုံးလုံး သူတပြန် ကိုယ်တပြန် ယှဉ်ပြိုင်ခဲ့ကာ အမှတ်ဖြင့်သာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

၄။ Zoltsetseg ၏ ၅၅ စက္ကန့်ဖြင့် ရခဲ့သည့် နိုင်ပွဲ

ONE Warrior Series တွင် လက်စွမ်းပြနိုင် ခဲ့သဖြင့် စာချုပ်ချုပ်ဆို ခေါ်ယူခံခဲ့ရသည့် Shinechagtga Zoltsetseg သည် ပြိုင်ဘက် တရုတ်ကစားသမား “Cannon” Ma Jia Wen ကို ၅၅ စက္ကန့်အတွင်း ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိ ခဲ့ခြင်းကလည်း ပရိသတ်များ စိတ်လှုပ်ရှား ခဲ့ရသည့် အခိုက်အတန့် တစ်ခု ဖြစ်သည်။ ဖယ်သာဝိတ်တန်း တွဲဆိုင်းတစ်တွဲ ဖြစ်သည့် အဆိုပါပွဲတွင် မွန်ဂိုလီးယားသား Zoltsetseg သည် ပွဲစကတည်းက ၎င်း၏ အားပြင်းသော လက်သီးချက်များဖြင့် Jia Wen ကို တရစပ် ခြိမ်းခြောက် နိုင်ခဲ့သည်။

၎င်း၏ ထူးခြားသော လက်သီးထိုးသည့် ဟန်ပန်က Jia Wen ကို မကြာခဏ အငိုက်မိ စေခဲ့ပြီး ပထမအချီ ပွဲချိန် ၅၅ စက္ကန့်တွင်တော့ Zoltsetseg ၏ ပြင်းထန်သည့် ညာလက်သီး ချက်က Jia Wen ၏ ပါးချိတ်ကို ထိထိမိမိ ထိုးနှက် နိုင်ခဲ့သည်။ ယင်းထိုးချက်ကြောင့် ကြမ်းပြင်ပေါ် စိုက်ဆင်း သွားသည့် Jia Wen ကို Zoltsetseg က ဆက်တိုက် ဖိထိုးရန် ကြိုးစားချိန်တွင် ဒိုင်လူကြီးက ပွဲကို ရပ်တန့်ကာ Zoltsetseg ကို အနိုင်ပေး ခဲ့သည်။ Zoltsetseg ၏ လက်သီးချက်ကြောင့် မူးဝေသွားသည့် Jia Wen သည် ဒိုင်လူကြီး Oliver Coste ကိုပင် လူမှားပြီး ဖမ်းချုပ် ခဲ့သည့် မြင်ကွင်းကြောင့်လည်း ငိုအားထက် ရယ်အားသန် ဖြစ်ခဲ့ရသည်။

၅။ နပမ်း ဘုရင်မ Miura ၏ ပွဲသိမ်းချုပ်ကွက်

မြေပြင် ကစားပွဲတွင် ပြိုင်ဘက်ကင်း စွမ်းရည်ပိုင်ရှင် Ayaka Miura နှင့် ONE Championship မျက်နှာသစ် ကစားသမား Maira Mazar တို့၏ ပွဲတွင် Miura က ဒုတိယအချီ၌ ပွဲသိမ်းချုပ်ကွက်ဖြင့် အနိုင်ယူ ခဲ့ခြင်းက စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး အခိုက်အတန့် တစ်ခု ဖြစ်ခဲ့သည်။ ONE Championship တွင် ယှဉ်ပြိုင် ခဲ့ပြီးသည့် နှစ်ပွဲစလုံးကို Americana ချုပ်ကွက်ဖြင့် အနိုင်ယူ ခဲ့သူ ဂျူဒိုပညာရှင် Miura သည် ယခုပွဲတွင်လည်း ယင်းချုပ်ကွက်ဖြင့်ပင် ထပ်မံ အနိုင်ယူ ခဲ့ပြန်သဖြင့် ၃ ပွဲဆက်တိုက် ချုပ်ကွက် တစ်မျိုးတည်းဖြင့် အနိုင်ရသူ ဖြစ်လာခဲ့သည်။

Mazar မှာ ပထမ တစ်ချီတွင် Miura ၏ ချုပ်ကွက် မိခဲ့သေးသော်လည်း ပြန်လည် ရုန်းထွက် နိုင်ခဲ့ပြီး တကျော့ပြန်ပင် တိုက်စစ်ဆင် နိုင်ခဲ့သည်ကို တွေ့ရသည်။ သို့သော် ဒုတိယ အချီတွင် သက်လုံပိုင်း ကျလာသဖြင့် လူငယ် ကစားသမား Miura ၏ လွှမ်းမိုးမှုကို ပိုမိုခံခဲ့ရခြင်း ဖြစ်သည်။ မြေပြင်ချုပ်ကွက် အားသန်သည့် Miura ၏ ကစားကွက်ထဲ မရောက်စေရန် Mazar က ကြိုးစား ကစားခဲ့သော်လည်း ပွဲချိန် ၃ မိနစ်ကျော်တွင် နည်းလမ်းမျိုးစုံဖြင့် ချုပ်နေသည့် Miura ၏ လက်မှ ရုန်းမထွက် နိုင်တော့ဘဲ လက်ဝါး သုံးချက်ပုတ်ကာ အရှုံးပေးခဲ့ခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly