ဦးမြင့်လှိုင် အထောက်အပံ့ပေးခဲ့သည့် ပညာရေးဝန်ထမ်းများကို ကန့်ကွက်မှုရှိ၍ အခြားမြို့နယ် မဲရုံသို့ ပြောင်းရွှေ့တာဝန်ပေးမည်

ဦးမြင့်လှိုင် အထောက်အပံ့ပေးခဲ့သည့် ပညာရေးဝန်ထမ်းများကို ကန့်ကွက်မှုရှိ၍ အခြားမြို့နယ် မဲရုံသို့ ပြောင်းရွှေ့တာဝန်ပေးမည်

နေပြည်တော်၊ အောက်တိုဘာ ၂၆ ။ ။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး၊ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဦးမြင့်လှိုင် အထောက်အပံ့ပေးခဲ့သည့် ပညာရေးဝန်ထမ်းများကို အခြားမြို့နယ်များက မဲရုံများတွင် ရွှေ့ပြောင်းတာဝန်ထမ်းဆောင်ရန် သက်ဆိုင်သို့ တင်ပြထားကြောင်း ဒက္ခိဏခရိုင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောသည်။

 “အခုဆိုရင် ကျွန်တော်တို့က တစ်ဖက်ကနေပြီးတော့ ကန့်ကွက်လာမှုတွေ ရှိလာတဲ့အတွက်ကြောင့်မို့ အဲ့ဒီသူကနေပြီးတော့မှ ထောက်ပံ့ပေးခဲ့တဲ့ ပညာရေးဝန်ထမ်းတွေကို အဲ့ဒီဒေသမှာ မဲရုံမှူးအနေနဲ့ တာဝန်မပေးဘဲနဲ့ အခြားဒေသမှာ ကျွန်တော် တာဝန်ထမ်းဆောင်ပေးဖို့အတွက် သက်ဆိုင်ရာကို တင်ပြထားတယ်" ဟု ၎င်းက အောက်တိုဘာ၂၆ ရက်က မဲရုံအဖွဲ့ဝင်များ ပညာပေးသင်တန်းအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးမြင့်လှိုင်သည် ဝန်ကြီးဖြစ်သည့်အပြင် လက်ရှိတွင် ဒက္ခိဏသီရိမြို့နယ်တွင် ကိုယ်စားလှယ်လောင်း လည်းဖြစ်နေသည့်အတွက် ၎င်း၏ မဲဆန္ဒနယ်မှ ဆရာ၊ဆရာမတွေကို အထောက်အပံ့ပေးမှုကို ကန့်ကွက်မှုများ ရှိနေကြောင်း ဦးမြင့်ဦးက ဇမ္မူသီရိမြို့နယ် မဲရုံအဖွဲ့ဝင်သင်တန်းတွင် မဲရုံမှူးတာဝန်ထမ်းဆောင်မည့် ဆရာမများကို ပြောကြားခဲ့သည်။

“မဲရုံမှူးတွေ ကန့်ကွက်တဲ့အကြောင်းတရားနဲ့ ပတ်သက်ပြီးတော့မှ ဒါကလည်း ကျွန်တော်တို့ဆီကနေပြီးတော့မှ ပေါက်ကြားမှုတွေရှိတယ်လို့ ယူဆတယ်။ ပါတီတစ်ခုကနေပြီး ဘယ်မဲရုံမှာ ဘယ်သူ့ကို တာဝန်ချထားပေးတယ်ဆိုတာ လက်ရှိမှာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲထဲမှာပဲ သိရမယ့် အနေအထားဖြစ်ပါတယ်" ဟု ၎င်းက မဲရုံအဖွဲ့ဝင် သင်တန်းတွင် ပြောကြားသည်။ 

ယင်းအပြင် မဲရုံမှူး တာဝန်ထမ်းဆောင်မည့် ဆရာမတစ်ဦးအား ပါတီနိုင်ငံရေးမကင်းရှင်းဘူးဟုဆို၍ ဒက္ခိဏခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တိုင်ကြားချက်တက်လားကြောင်းလည်း ဦးမြင့်ဦးက သတင်းထောက်များကို ပြောသည်။ 

“အဲ့ဒါကလည်း စေ့စပ်ညှိနှိုင်းရေးကော်မတီက တင်ပြပြီးတော့မှ ဆောင်ရွက်နေပါတယ်။ ဆရာမတစ်ယောက်ကို အဲ့လို စွပ်စွဲမှု ပြုတာဟာ ရွေးကောက်ပွဲဥပဒေနဲ့ မလျော်ညီတဲ့ အတိုင်းအတာတစ်ခုပါ" ဟု ဦးမြင့်ဦးက ပြောသည်။ သို့သော် မည့်သည့်ပါတီမှ ကန့်ကွက်မှုရှိသည်ကို မေးမြန်ရာတွင်မူ ဖြေကြားရန် ငြင်းဆိုခဲ့သည်။ 

နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရီမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ တ .စ.ည ပါတီ ကိုယ်စားပြု၍ ဦးနိုင်မင်း၊ NLD ကိုယ်စားပြု၍ ဦးသန့်ဇင်ထွန်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ရွေးကောက်ပွဲအတွက် မဲပေးမည့်နေ့တွင် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များသည် မဲဆန္ဒရှင်များ  နံနက် (၆)နာရီတွင် မဲပေးနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ကျသည့် မဲရုံသို့ တစ်နာရီ ကြိုတင်၍ သွားရောက်ရမည်ဖြစ်ပြီး မိမိတာဝန်ကျသည့် မဲရုံအတွင်း ဆန္ဒမဲလက်မှတ်များကို လက်မှတ်ရေးထိုးခြင်း၊ မဲရုံကိုစစ်ဆေးခြင်း မဲရုံသုံးပစ္စည်းများကို လက်ခံခြင်းများ ဆောင်ရွက်ရမည်ဖြစ်သည်။     

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly