NLD အတွက် ဖျော်ဖြေပြီးအပြန်လမ်းတွင် အနုပညာပညာရှင်များ တားမြစ်ခံရ

NLD အတွက် ဖျော်ဖြေပြီးအပြန်လမ်းတွင် အနုပညာပညာရှင်များ တားမြစ်ခံရ
ဓာတ်ပုံ- ဦးမင်းသူဖေ့စ်ဘုတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အောင်နိုင်ရေးအတွက် ပျော်ဘွယ်မြို့ နှင့် ရမည်းသင်းမြို့တွင် သွားရောက်ဖျော်ဖြေသည့် အနုပညာရှင်များ ရန်ကုန်အပြန် တပ်ကုန်းအဝင် စစ်ဆေးရေးဂိတ်တွင် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၂၆ရက် ညနေက တားမြစ်ခဲ့သည်ဟု ထိုဂိတ်တွင် တာဝန်ကျသည့် ရဲအရာရှိက မဇ္ဈိမကို ပြောသည်။ 

တားဆီးသည့် အကြောင်းရင်းကို မသိသေးကြောင်း ၎င်းက ပြောသည်။ 

"တပ်ကုန်းအဝင် စစ်ဆေးရေးဂိတ်က တားတာပါ။ ကျွန်မတို့က သူတို့က နေပြည်တော်မှာ ဝင်ပြီး ဖျော်ဖြေဦးမလားမေးတော့ မဖျော်ဖြေပါဘူး။ ကျွန်မတို့ ဖျော်ဖြေရေးပြီးပြီ။ ရန်ကုန်ကို တန်းပြန်မှာပါလို့ပြောတော့.. ဟုတ်ကဲ့ ခဏလေးပါတဲ့။ ဘာကြောင့်တားတာလဲလို့ ကျွန်မတို့မေးတော့ ဘယ်သူမှလည်း ရေရေရာရာ မဖြေနိုင်ဘူး။ ခဏလေးပါ။ နေပြည်တော်ကို အကြောင်းကြားနေပါတယ်။ ဟိုကထွက်ခွင့်ပြုရင် သွားရပါမယ်ဆိုတာနဲ့ပဲ ရပ်နေတာ တစ်နာရီခွဲလောက် ရှိနေပါပြီ"ဟု အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်က ပြောသည်။

ထွန်းအိန္ဒြာဗိုလ် အပါအဝင် အဆိုတော် ခြောက်ဦး၊ တီးဝိုင်းအဖွဲ့ လေးဦး အပါအဝင် စုစုပေါင်း အယောက် ၂၀ခန့်က အဲကွန်းဘတ်စ် တစ်စီးဖြင့်ကို တပ်ကုန်းအဝင် ဂိတ်တွင် စစ်တပ် နှင့် ရဲများက ညနေ ၆နာရီခွဲခန့်မှစပြီး တားဆီးထားခြင်းဖြစ်ပြီး ယခု ၇နာရီ ၅၀အထိ အကြောင်းအရင်း မသိရသေးခြင်းဖြစ်သည်။ 

တားဆီးခံရသည့် ဖျော်ဖြေရေးအဖွဲ့ကို ညနေ ၆နာရီကျော်က တားမြစ်ခဲ့ပြီး ၇နာရီ ၄၅ မိနစ်တွင် ပြန်လည် သွားရောက်ခွင့် ပြုခဲ့သည့်ဟု ထိုဂိတ်တွင် တာဝန်ကျသည့် ရဲအရာရှိက ပြောသည်။ 

တပ်ကုန်းမြို့နယ် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ် ဦးကျော်တင့်က သတင်းသိသိချင်း သွားရောက်ခဲ့ပြီး တပ်ကုန်းမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်မေးမြန်းရာ နေပြည်တော် ကောင်စီနယ်မြေက တားခိုင်းသည့်အတွက် တားမြစ်ရခြင်း ဖြစ်သည်ဟုသာ ပြောကြောင်း ဦးကျော်တင့်က မဇ္ဈိမကို ပြောသည်။ 

ယခုကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ဖျော်ဖြေပြီးအပြန် အတားခံရသည့်အပေါ် ၎င်းက "တားရင်လည်း တားတဲ့အကြောင်းကို ပီပီပြင်ပြင် သိချင်ပါတယ်။ ဘာမှန်းမသိ ရပ်ခိုင်းထားတော့ နိုင်ငံသားအချင်းချင်း စော်ကားသလို ခံစားရပါတယ်။ ဘာလို့လဲဆိုတော့ ရဲတွေရော၊ တပ်တွေရော ကျွန်မတို့အားလုံးက ပြည်သူတွေပဲလေ။ ဘာမှန်းမသိ သူရပ်ခိုင်းတိုင်း ကိုယ်ရပ်နေရတဲ့ ဒုက္ခကတော့ နည်းနည်းတော့ စိတ်အနှောက်အယှက်ဖြစ်တယ်"ဟု ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly