ရွေးကောက်ပွဲ ပဋိပက္ခများမဖြစ်စေရန် ထိထိရောက်ရောက် ကြပ်မတ်မည်ဟု ကော်မရှင်ထုတ်ပြန်

ရွေးကောက်ပွဲ ပဋိပက္ခများမဖြစ်စေရန် ထိထိရောက်ရောက် ကြပ်မတ်မည်ဟု ကော်မရှင်ထုတ်ပြန်

အောက်တိုဘာ ၂၆ ရက် ။                ။ တိုင်း၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် အမတ်လောင်းများ၏ ရွေးကောက်ပွဲ စုဝေးဟောပြောမှုနှင့် လှည့်လည်ဟောပြောစည်းရုံးခြင်းများအား တင်ပြစေပြီး ပဋိပက္ခမဖြစ်ရေးအတွက် ထိန်းသိမ်း ကြပ်မတ်သွားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၆ တွင် ထုတ်ပြန်လိုက်သည်။

ထိန်းသိမ်းမှုအား မလိုက်နာပါက ခွင့်မပြုခြင်း၊ တားမြစ်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီမှ ခေါ်ယူအသိပေး မှတ်တမ်းတင်ခြင်း၊ လိုအပ်ပါက ဥပဒေနှင့် အညီအရေးယူခြင်းတို့   ဆောင်ရွက်မည်ဟု ဖော်ပြထားသည်။

ရွေးကောက်ပွဲနီးလာသဖြင့် စည်းရုံးဟောပြောမှုများသည် အရှိန်အဟုန် မြင့်တက်လာပြီး ထိပ်တိုက်တွေ့ဆုံရာမှ ပဋိပက္ခ ဖြစ်မည့် အခြေအနေသို့ ရောက်ရှိလာနိုင်သဖြင့် "ကြပ်ကြပ်မတ်မတ်" ထိန်းသိမ်းသွားရန် အထူးလိုအပ်နေသည်ဟု ဆိုသည်။

ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းစွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်ခွဲများတွင် တာဝန်ရှိသဖြင့် ပဋိပက္ခများမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်း၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ "ထိထိရောက်ရောက်" ကြပ်မတ်သွားမည်ဟု သတင်းထုတ်ပြန်ချက် တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly