ရခိုင်ပြည်နယ်ကောင်းမှ နိုင်ငံတော်ကောင်းမည်ဟု ဦးမောင်မောင်အုန်း ဟောပြောစည်းရုံး

ရခိုင်ပြည်နယ်ကောင်းမှ နိုင်ငံတော်ကောင်းမည်ဟု ဦးမောင်မောင်အုန်း ဟောပြောစည်းရုံး
Photo - Mizzima/ DMG

အောက်တိုဘာ ၂၆ ရက် ။               ။ ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးမောင်မောင်အုန်းမှ ရခိုင်ပြည်နယ်ကောင်းမှ နိုင်ငံတော်ကောင်းမည်ဖြစ်ပြီး ရခိုင်ပြည်နယ်တည်ငြိမ်မှ နိုင်ငံတော်တည်ငြိမ်မည်ဟု မဲဆွဲဟောပြောလိုက်သည်။

မြောက်ဦးမြို့၊ နန်းရာကုန်းရင်ပြင်၌ အောက်တိုဘာလ ၂၆ ရက်နေ့က မဲဆွယ်ဟောပြောပွဲစဉ် ဦးမောင်မောင်အုန်းမှ ယနေ့ ရခိုင်ပြည်၏အရေးမှာ အလွန်အရေးကြီးပြီး နိုင်ငံတော်၏ အရေးပင်ဖြစ်ကြောင်းနှင့် ရခိုင့်အရေးသည် နိုင်ငံတော်၏ နှလုံးသားထဲတွင် စူးဝင်နေသော ဆူးတစ်ချောင်း ဖြစ်သည်ဟုဆိုသည်။

“ဟိုဘက်မှာ နိုင်ငံတော်က ဘယ်လောက်ပဲ တည်ငြိမ်တိုးတက်နေသော်ငြားလည်း ရခိုင်ပြည်နယ် မတည်ငြိမ် မတိုးတက်ရင် နိုင်ငံတော်ဟာလည်း မတိုးတက်ပါဘူး။” ဟု ဦးမောင်မောင်အုန်းက ပြောသည်။

ယင်းအပြင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှသာလျင် ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သကဲ့သို့ ရခိုင်တိုင်းရင်းသားများအနေဖြင့်လည်း မိမိအမျိုးကို မျက်လုံးစုံမှိတ်မချစ်ကြရန် လိုအပ်သည်ဟုလည်းဆိုသည်။

“ဒီနေ့ မိဘပြည်သူများအနေနဲ့ ရခိုင်ပြည်နယ်ရဲ့ အနာဂတ်ကို ဘယ်လိုများ ဖန်တီးချင်တာလဲ။ တည်ငြိမ်ချင်တာလား မတည်ချင်တာလား။ တိုးတက်ချင်တာလား။ မတိုးတက်ချင်တာလား ဆိုတာကို မိဘပြည်သူများစဉ်းစားဖို့လိုတယ်။ ဒီနေ့ရခိုင်ပြည်နယ်ကြီးဟာ သမိုင်းမှာ တစ်ခါမှ မရှိဖူးသေးတဲ့ တိုးတက်မှုတွေရှိလာတယ်။” ဟု ၎င်းကပြောသည်။

ရခိုင်တိုင်းရင်းသားများဖြစ်သည့်တွက် ရခိုင်ပါတီကို မဲပေးခြင်းမှာ သဘာဝကျပြီး မိမိတို့ ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုး ပါတီဝင်များသည်လည်း ရခိုင်သားများဖြစ်ကာ ရခိုင်ပြည်နယ်၏ အကျိုးစီးအတွက်သာ လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်းလည်း ဆက်လက်ပြောဆိုသည်။

ဦးမောင်မောင်အုန်းသည် အမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ်မှ အငြိမ်းစားယူထားသူ စစ်တပ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly