ဘဏ်လုပ်ငန်းအတွက် နည်းပညာ ဝန်ဆောင်မှုပေးမယ့် မြန်မာ မီလီနီယံဂရု(ပ) ဒါရိုက်တာနှင့် တွေ့ဆုံုခြင်း

ဘဏ်လုပ်ငန်းအတွက် နည်းပညာ ဝန်ဆောင်မှုပေးမယ့် မြန်မာ မီလီနီယံဂရု(ပ) ဒါရိုက်တာနှင့် တွေ့ဆုံုခြင်း

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများတွင် လိုအပ်ချက်နှင့် အခက်အခဲဖြစ်နေသည့် ငွေကြေးအကူအညီများပေးရန် ပြည်တွင်း ဘဏ်များအနေနှင့် အကူအညီပေးဖို့ အားနည်း နေသေးသည်။ အများစုအနေနှင့် ကုန်သွယ်ရေးဆိုင်ရာ ငွေကြေး အထောက်အပံ့ (Trade Financing) ကိုသာ အားပေးနိုင်သည့် အခြေအနေမှာသာ ဘဏ်လုပ်ငန်းများက ရပ်တည်နေသည်။

အသေးစား၊ အလတ်စား လုပ်ငန်းများနှင့် စွန့်ဦးတီထွင် လုပ်ငန်းများအတွက် ချေးငွေကဏ္ဍက သိပ်ပြီးတွင်ကျယ် နေခြင်းမရှိပေ။ ပြည်တွင်း ဘဏ်လုပ်ကိုင်သူတစ်ချို့၏ သုံးသပ်မှုများတွင် အပ်ငွေနှင့် ချေးငွေ နှစ်ရပ်ကြားထဲတွင် ဘဏ်လုပ်ငန်းတွေက ဝန်ထုပ်၊ဝန်ပိုး ဖြစ်နေသည်ဟု ဆိုကြသည်။

တစ်ဘက်တွင် စည်းမျဉ်းဥပဒေ ပြဌာန်းချက်များက ရှေ့ဆက်တိုးဖို့ ကန့်သတ်ချက်များ အဖြစ်ရှိနေသေးသည်။ နောက်ထပ် လိုအပ်နေသည့် အပိုင်းတွင်လည်း ဝန်ဆောင်မှုတိုးချဲ့ဖို့နှင့် ကိန်းကဏန်းများ လုံခြုံစိတ်ချမှု ရှိစေဖို့ နည်းပညာကလည်း လိုအပ်ချက်ရှိနေသည်။

ဤကဲ့သို့ ဘဏ်လုပ်ငန်းများနှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများအတွက် နည်းပညာ အကူအညီများ ထောက်ပံ့ပေးရန် ပြည်တွင်းက မြန်မာမီလီနီယံဂရု(ပ)နှင့် ဥရောပ ထိပ်သီးနည်းပညာကုမ္ပဏီဖြစ်သည့် ပြင်သစ်နိုင်ငံအခြေစိုက် Atos (အေးတို့(စ)) ကုမ္ပဏီတို့ အောက်တိုဘာလ ၁၇ရက်နေ့က Banking As a Service ပလက်ဖောင်းတစ်ခုကို ပူးတွဲတည် ထောင်ရန် သဘောတူညီမှု စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့သည်။

ထို Banking As a Service ပလက်ဖောင်းနှင့် ပတ်သက်ပြီး မြန်မာမီလီနီယံဂရု(ပ)က အုပ်ချုပ်မှုဒါရိုက်တာ ဦးမင်းဇေယျာလှိုင်ကို မဇ္ဈိမ၏ 7Minutes ရုပ်သံ အစီအစဉ်တွင် မေးခွန်းတစ်ချို့မေးမြန်းထားသည်။

 

မင်္ဂလာပါ ဦးမင်းဇေယျာလှိုင်ခင်ဗျာ။ ကျွန်တော်တို့ရဲ့  7Minutesအစီအစဉ်မှာ ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အောင်တိုဘာလအတွင်းမှာပဲ ပြင်သစ်နိုင်ငံကAtos (အေးတို့(စ)) ကုမ္ပဏီနဲ့ မြန်မာနိုင်ငံက မြန်မာ မီလီနီယံဂရု(ပ) တို့က ဒီကဘဏ်လုပ်ငန်း တွေအတွက် နည်းပညာ ဝန်ဆောင်မှုပေးမယ့်  Banking As a Service ပလက်ဖောင်း တည်ထောင်ဖို့အတွက် လက်မှတ်ထိုး လိုက်တဲ့အပေါ်မှာ စိတ်လှုပ်ရှားနေလားခင်ဗျ။

ဒါကတော့ တကယ် စိတ်လှုပ်ရှား စရာကောင်းတဲ့ အရာတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာပြည် အတွက်ရော ကျွန်တော်တို့ ဘဏ်လုပ်ငန်းတွေအတွက်ရော၊ ကျွန်တော်တို့ဗမာ IT ကုမ္ပဏီတွေ အတွက်ရောပေ့ါနော် ကျွန်တော်တို့ ပူးပေါင်းပြီးတော့ လုပ်ရမယ့် လုပ်ငန်းတစ်ခု ဖြစ်တဲ့အတွက်တော့ စိတ်လှုပ်ရှားပါတယ်။

 

အခုဟာက ပြည်တွင်းမှာရှိတဲ့ ဘဏ်တွေက သူတို့ရဲ့ Structure တွေ ပိုကောင်းသထက် ကောင်းအောင်ဆိုပြီးတော့ ပြင်ဆင်လာတဲ့ အပိုင်းတွေရှိတယ်ခင်ဗျာ။ အဲဒီမှာ Outsource (ပြင်ပအရင်းအမြစ်) တွေပေ့ါနော် ဦးမင်းဇေယျာလှိုင်တို့လို နည်းပညာ ကုမ္ပဏီတွေဆီကနေပြီးတော့ အထောက်အပံ့တွေလည်း သူတို့ယူရတော့မယ့် အချိန်ပေ့ါ။ သူတို့ ပိုက်ဆံများများ သုံးရတော့မယ့် အချိန်လို့လည်း သိထားတယ်ဗျ၊ အဲဒီအတွက် ဒီဈေးကွက် အခွင့်အလမ်းက ပိုပြီးတော့ တိုးတက်လာနေလား။ အဲ့ဒီအတွက်MMG (မြန်မာမီလီနီယံဂရု(ပ)) အနေနဲ့ရော ဘာတွေပြင်ဆင်ထားလဲဗျ။

အဓိကကတော့ ဈေးကွက်က တိုင်းပြည်ဖွင့်လိုက်သလိုပဲ ပေ့ါနော်။ တိုင်းပြည်ဖွင့်လိုက်တော့ ကျွန်တော်တို့ တိုင်းပြည်လည်း ပြုပြင် ပြောင်းလဲရေးတွေ လုပ်ရတယ်၊ ကျွန်တော်တို့ ကုမ္ပဏီလည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခေတ်တွေက ပြောင်းသွားတယ်။ အရင်တုန်းက ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ငန်းမျိုးက အခုချိန်မှာ လုပ်လို့ မရတော့ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ အရင်တုန်းက ပစ္စည်းတွေရောင်းတယ် Product based သွားတယ်။ အဲဒီအပေါ်ကနေ ကျွန်တော်တို့က Product based အစား Solution based ပေါ့နော်၊ Solution based လုပ်မှ ကျွန်တော်တို့ ရေရှည်မှာ ကျွန်တော်တို့ IT လုပ်ငန်းကိုလုပ်လို့ရမယ်။ ကျွန်တော်တို့ကတော့ Solution based ကို သွားချင်တယ်။ လုပ်တော့ ကျွန်တော်တို့ကအားလည်းတော်တော် ထည့်ရတယ်။ အချိန်လည်းကုန်တယ်။ ပိုက်ဆံလည်း တော်တော်ကုန်ပါတယ်။ နိုင်ငံခြားက အကြံပေးဆိုလည်း ကျွန်တော်တို့ ငှားရပါတယ်။ ဝန်ထမ်းအပိုင်း ကိုလည်း ပြောင်းလဲ သင့်တာတွေကိုလုပ်ရတာ၊ အပြောင်းအလဲ မလုပ်ချင်တဲ့သူတွေကိုတော့ ထားခဲ့ရတာပေါ့။

ကျွန်တော်တို့ဘာသာ ကျွန်တော်တို့လည်း မလုပ်တတ်ဘူး။ အဲဒီတော့ ပညာရှင်တွေ ခေါ်ရတယ်။ အဲလိုတွေ ကျွန်တော်တို့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်လာတာ တစ်နှစ်လောက် ရှိပါပြီ။ ဒီအတိုင်းချည်း ကျွန်တော်တို့က ပြင်သစ်က Atos (အေးတို့(စ)) ကုမ္ပဏီနဲ့ သွားပေါင်းတာ မဟုတ်ဘူးပေါ့နော်။ တော်တော့်ကို ပြင်ဆင်ရပါတယ်၊ ဒီကုမ္ပဏီက ဘာလုပ်လဲဆိုတာ သူတို့က ပြန်ကြည့်တာကိုးဗျ။

 

ဘာဖြစ်လို့ ဒီလိုနည်းပညာအထောက်အပံ့ပေးရမယ့် နယ်ပယ်တွေထဲကငွေကြေးနဲ့ ဘဏ်လုပ်ငန်းတွေကိုရွေးချယ်လိုက် တာလဲခင်ဗျ။

အဓိကက တိုင်းပြည်တစ်ခု စီးပွားရေး တိုးတက်ဖို့ဆိုတာကလည်း ဘဏ်တွေအပေါ်မှာလည်း အများကြီးမူတည်နေတော့ သူတို့ပေးနိုင်တဲ့ Service တွေက စိတ်ချရမှ လူတွေကသုံးမယ်။ အဲဒီတော့ စိတ်ချရတဲ့ Service တွေပေးဖို့ဆိုရင် ဘဏ် တစ်ခုက ရင်းနှီးမြုပ်နှံမှုတွေ အများကြီးလုပ်ရမယ်၊ ဥပမာ Core Banking လုပ်မယ်ဆိုရင် ဒီတစ်ခုက အမေရိကန် ဒေါ်လာသန်းနဲ့ ချီပြီးရှိတယ်၊ အဲ့တော့ ဒီအပေါ်မှာရင်းနိုင်တဲ့ ဘဏ်ရှိသလို မရင်းနိုင်တဲ့ ဘဏ်တွေလည်းရှိတယ်။

အဲဒီလိုမျိုး မရင်းနိုင်ဘူးဆိုရင် သူတို့ကျန်ခဲ့မယ်၊ ဘာဖြစ်လို့လဲဆိုတော့ Core Banking မရှိဘဲနဲ့ နိုင်ငံတကာ အဆင့်မီ ဘဏ်လုပ်ငန်းတွေ လုပ် လို့မရဘူးဗျ၊ပြီးတော့ IT စနစ်မရှိဘဲနဲ့လည်း ပေးလို့မရဘူး၊ အဲဒါနဲ့ တိုင်းပြည်လည်း အထောက်အကူပြုမယ်။ ဘဏ်လုပ် ငန်းတွေလည်း တိုးတက်လာမယ်ဆိုပြီးတော့ နည်းပညာလည်း စိတ်ချရတဲ့ ပြင်သစ်က Atos (အေးတို့(စ)) ကုမ္ပဏီနဲ့ ငွေကြေးကဏ္ဍနဲ့ ဘဏ်လုပ်ငန်းတွေမှာ နည်းပညာပေးဖို့ ရွေးချယ်လိုက်ရတာပါ။

 

ရှေ့မှာ ဦးမင်းဇေယျာလှိုင် ပြောပြသွားတဲ့အထဲမှာဘဏ်တွေအနေနဲ့ Core Baning လုပ်ရင် ရင်းနှီးမြုပ်နှံရမယ့် ပမာဏက ကြီးတယ်လို့ ပြောထားတယ်။ အဲဒီအပိုင်းနဲ့ ပတ်သတ်ပြီးဒီ Banking As a Service ပလက်ဖောင်းက ရင်းနှီးမြုပ်နှံဖို့ သိပ်ပြီး မတတ်နိုင်တဲ့ ဘဏ်တွေကို ဘယ်လိုကူညီပေးနိုင်မှာလဲဗျ။

ကျွန်တော်တို့ Banking saservices ဆိုတာက Modular Based ပေါ့နော်၊ သဘောက ဘယ်လိုဘဏ်မျိုးပဲ ဖြစ်ဖြစ်၊ ဘယ်လို ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုမျိုး ပဲဖြစ်ဖြစ် ဒီပလက်ဖောင်းက Solution တွေ ပေးနိုင်တာပေါ့၊ သဘောက ကိုယ့်မှာSolution  တစ်ခုက ရှိပြီးသား၊ ဒါပေမယ့် နောက် Solution တစ်ခုကို လိုချင်တယ်၊ တော်တော်များများ ဈေးကွက်ထဲမှာ ရောင်းနေတာက One set ပေါ့နော်၊ Package နဲ့ရောင်းကျတယ်၊ ဒီပလက်ဖောင်းကျတော့ ကိုယ် သီးခြား ထည့်သွင်းတပ်ဆင်ချင်တဲ့ Solution မျိုးကို တစ်မျိုးချင်းစီ ယူလို့ရတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က ဝန်ဆောင်မှု ပေးမယ်။

 

Banking As a Services ပလက်ဖောင်းက ဘဏ်တွေကနေ ကိုယ်တိုးချဲ့ချင်တဲ့ ဝန်ဆောင်မှု အသစ်တွေကို ပြဌာန်းတဲ့နေရာမှာ နိုင်ငံတကာ အဆင့်မီ ဘဏ်စနစ်တွေ ဖြစ်လာဖို့အတွက် အချိန်နဲ့ ငွေသက်သာစေမယ့် ရွေးချယ်စရာ နည်းလမ်းတွေကို အထောက်အပံ့ ပေးနိုင်တာပေါ့နော်။

ဟုတ်ကဲ့ အများကြီး ရင်းနှီးမြုပ်နှံစရာ မလိုဘူးပေါ့ဗျာ၊ အကုန်အကျ သက်သာသွားတာပေါ့၊ ပြီးတော့ လျင်လျင်မြန်မြန်နဲ့ သူတို့ရဲ့ ဝန်ဆောင်မှုတွေကို လူတွေကို ပေးသွားနိုင်တာပေါ့။ မြန်မြန်ပေးနိုင်ရင် သူတို့အတွက် ဝင်ငွေမြန်မြန်ရမယ်။

 

နောက်ထပ် တွေ့ရတာက ကျွန်တော်တို့ စိတ်အမြင် ခန့်မှန်းတွက်ချက်မှုတွေအရ ပြည်တွင်း ဘဏ်တွေနဲ့ လူဦးရေ အချိုးအစားနဲ့ဆိုရင် ဘဏ်တွေရဲ့ ဝန်ဆောင်မှုပေးနိုင်မယ့် ဒီလူဦးရေက တော်တော်လေးကို နည်းပါးနေသေးတယ်ခင်ဗျာ။ ၅% ပတ်ချာလည်လောက်မှာပဲ ရှိတယ်လို့ တွေ့ရတယ်ခင်ဗျာ။ ဆိုတော့ ဒီအပေါ်မှာ ဘဏ်တွေကနေပြီးတော့ ဝန်ဆောင်မှု များများ ပေးနိုင်ရဲ့သားနဲ့ လူဦးရေ အချိုးအစားက အသုံးပြုသူ နည်းပါးနေသေးတာက ဦးမင်းဇေယျာလှိုင်တို့လို Outsource ချိတ်ဆက်မယ့် ကုမ္ပဏီတွေအတွက် အခက်အခဲတွေ ဖြစ်နေမလားဗျ။

ဟုတ်ကဲ့ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက ဆက်စပ်နေတာကိုး။ သဘောက ဘဏ်တွေမှာလည်း ခုန ပြောခဲ့တဲ့ လူဦးရေရဲ့ ၅ ရာခိုင်နှုန်းလောက်ပဲ အသုံးပြုနေတာဆိုတော့ သူတို့လည်း ဝင်ငွေနည်းတာပေါ့နော်၊ ဘဏ်တွေကို များများသုံးမှ ဘဏ်တွေကလည်း ဝင်ငွေရမယ်။ ဝင်ငွေရမှ သူတို့လည်းသူတို့မှာရှိတဲ့ Facility တွေကို ကောင်းအောင် ပိုပြီးတော့ လုပ်နိုင်မယ်။ ကျွန်တော်မြင်တာကတော့ ဒါတွေကို ကြိုးစားပြီးတော့ အကုန်လုံးက လုပ်နေကြပါတယ်။ ဝန်ဆောင်မှု အသစ်တွေကို ဖော်ထုတ်နေကြပါတယ်။

 

Banking As a Service  ပလက်ဖောင်းကနေပြီးတော့ တကယ်တမ်း လုပ်တဲ့အခါမှာဘယ်လိုမျိုး နောက်ထပ်စိန်ခေါ်စရာ၊ အခက်အခဲတွေ တွေ့လာနိုင်မယ်လို့ မြင်လဲဗျ။

ကျွန်တော်တို့ မြင်တာက ဒီပလက်ဖောင်းက Concept အသစ်ပေါ့နော်၊ ကျွန်တော်တို့ အခုပေးမယ့် ဝန်ဆောင်မှုက အသစ်၊ ဒီမှာ တစ်ခါမှ အခုချိန်အထိ ဒီလိုဝန်ဆောင်မှုတွေ ပေးနေတာ မရှိသေးဘူး ပေ့ါနော်။ မရှိသေးဘူး ဆိုတော့ ဒါ ကျွန်တော်တို့ အတွက် စိန်ခေါ်စရာပါ၊ ဘဏ်တွေကို ကျွန်တော်တို့က တစ်ယောက်ချင်း ရှင်းပြရမယ်၊ ဒါကို သိသွားပြီ သဘောပေါက် သွားပြီဆိုရင်တော့ သူတို့အတွက် ကောင်းတဲ့ရလာဒ်တွေ ရလာမယ်လို့ ကျွန်တော်မြင်ပါတယ်။

 

လက်ရှိအချိန်မှာ ပြည်တွင်းက ဘယ်ဘဏ်တွေနဲ့ ဆွေးနွေးမှု အတိုင်းအတာက ဘယ်လောက်ထိ လုပ်ပြီးသွားပြီလဲ၊ လုပ်နေလဲဆိုတာ သိချင်ပါတယ်ခင်ဗျ။

ကျွန်တော် နာမည်တွေတော့ တပ်မပြောတော့ဘူးနော်။ တွေ့ထားတာတော့ ကျွန်တော်တို့ လေးငါးခုလောက်တော့ ရှိပါတယ်။ ကျွန်တော် ဆက်ပြီးတော့ တွေ့ဖို့လည်းရှိပါတယ်။ ပုဂ္ဂလိက ပြည်တွင်း ဘဏ်တွေပါပဲ။ အစိုးရဘဏ်တော့ လောလောဆယ် ကျွန်တော်တို့ တွေ့တဲ့အထဲမှာ မပါသေးဘူး။ အသစ်ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ သူတို့ကို နားလည်အောင် ပြောရမယ့် အပိုင်းတွေလည်းရှိသေးတယ်။ နောက်ပြီးတော့ အခုမှ နည်းပညာကိုအသုံးပြုမယ့် ဘဏ်တွေ အတွက်လည်းဒီ Banking As a Service ပလက်ဖောင်းကနေ ပေးမယ့် Solution က သင့်တော်မယ် လို့မြင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စကားတွေပြောဖို့ လိုဦးမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly