ပျဉ်းမနားမြို့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကာလတွင် NLDစည်းရုံးရေး ဆင်းမည်မဟုတ်

ပျဉ်းမနားမြို့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကာလတွင် NLDစည်းရုံးရေး ဆင်းမည်မဟုတ်

နေပြည်တော်၊ အောက်တိုဘာ ၂၆ ။ ။ ပျဉ်းမနားမြို့၏ အထင်ကရပွဲတော်တစ်ခုဖြစ်သော (၉၇)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်ကာလအတွင်း အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်မည်မဟုတ်ပေ။
 
အောက်တိုဘာ ၂၇ရက်တွင်စပြီး ကျင်းပမည့် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကာလအတွင်း သုံးရက်ကြာ စည်းရုံးရေးဆင်းမည်မဟုတ်ဟု NLDပါတီ၏ ပြည်သူ့လွှတ်တော်အမတ်လောင်း ဦးသန်းစိုးအောင်က အောက်တိုဘာ ၂၆ရက် ညနေပိုင်းတွင် မဇ္ဈိမကို ပြောသည်။
 
“(ပါတီ)ဗဟိုက လပြည့်နေ့တစ်ရက်ပဲ စည်းရုံးရေးမဆင်းဖို့ ညွှန်ကြားထားတာ။ ဒါပေမယ့် ကျွန်တော်တို့မြို့မှာ ပွဲတော်ကာလက ၃ရက်ဆိုတော့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ပြီးတော့ နားလိုက်တာ” ဟု ဦးသန်းစိုးအောင်က ပြောသည်။
 
ထိုသို့ ပွဲတော်ကာလအတွင်း စည်းရုံးရေးရပ်နားထားမှုမှာ နေပြည်တော်ကောင်စီနယ်မြေ(၈)မြို့နယ်အနက် ပျဉ်းမနားမြို့နယ်တစ်ခုတည်းတွင်သာ NLDက ရပ်နားထားခြင်း ဖြစ်သည်။
 
ပြိုင်ဘက်ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကမူ ပျဉ်းမနားမြို့ပေါ်တွင် မဲဆွယ်စည်းရုံးမှု အဆုံးသတ်ပြီးဖြစ်သည်ဟု ဆိုသည်။
 
သို့သော် အောက်တိုဘာ ၂၈ရက်(သီတင်းကျွတ်လပြည့်နေ့)တွင်မူ ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိစေတီတော်ရှိ ကွင်းပြင်တွင် စတုဒီသာကျွေးမွေးပွဲနှင့် မီးပုံးပျံပွဲ ပြုလုပ်မည်ဖြစ်သည်ဟု USDP၏ ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်လောင်း ဒေါ်ဝင်းဝင်းသီက ပြောသည်။
 
“ဒါကတော့ ပြည်သူကို မဲဆွယ်တာ မဟုတ်ပါဘူး။ လှုပ်ရှားမှုတစ်ခုအနေနဲ့ လုပ်တာပါ” ဟု ဒေါ်ဝင်းဝင်းသီက ဆိုသည်။
 
အောက်တိုဘာ ၂၇ရက်ကစပြီး ၂၉ရက်ထိ သုံးရက်ကြာ ကျင်းပမည့် ပျဉ်းမနားမြို့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတွင် ဖျော်ဖြေရေးကားများဖြင့် လှည့်လည်ကာ နာမည်ကြီးအဆိုတော်များဖြစ်သော ဖြူဖြူကျော်သိန်း၊ ဖြိုးကြီး၊ ဝေလ၊ ပိုပို၊ ထွန်းရတီ၊ ချောငယ်၊ နန်းမြတ်ဖြိုးသင်း၊ ဆူဇီ၊ ယုန်လေး၊ Dဖြိုး၊ ရွှေထူး၊ ဟဲလေး၊ ဝိုင်းစုခိုင်သိန်း၊ ဗျူဟာ၊ ရတနာမိုင်၊ ချောစုခင်၊ ဘိုဖြူ၊ မနော၊ ရိန်မိုး၊ ဂျက်မြသောင်း၊ ဉာဏ်လင်းအောင်၊ ဂျီလတ်၊ အောင်ထက်၊ ဆုန်သင်းပါရ်နှင့် G Familyတို့ သီဆိုဖျော်ဖြေကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly